စက်တင်ဘာ - ၂၇ ( တနင်္ဂနွေနေ့)
မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရက်ဆက်ဖြစ်ပွားခဲ့ပြီးနောက် စနေနေ့မှာ မြို့တော်ဘန်ကောက် တစ်ခုလုံးကို ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ နယ်မြေအဖြစ် ကြေညာခဲ့ရသလို ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး တစ်ဦး သေလုနီးပါးဖြစ်သွားခဲ့ရပါတယ်။
သောကြာနေ့ညဉ့်နက်ပိုင်းကစလို့ ဘန်ကောက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဟာ စနေနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြင်းထန်တဲ့ ရာသီဥတုကြောင့် နိုင်ငံအတွင်း နယ်မြေအများအပြား ထိခိုက်ခဲ့ သလို မြို့တော်အတွင်းရှိ လမ်းမကြီးတွေနဲ့ ရပ်ကွက်အတော်များများလည်း ရေဖုံးလွှမ်းသွားခဲ့ပါတယ်။
သေဆုံးသူ နှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်ထဘူရီ ခရိုင်ကဖြစ်ပြီး မြေပြိုမှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့သလို ငါးဖမ်းလှေမှောက်ပြီး နောက်ထပ် လူတစ်ဦး သေဆုံးခဲ့တာလို့ ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာန (DDPM) က ပြောပါတယ်။ ဒါ့အပြင် ဘန်ကောက်မှာလည်း နောက်ထပ် လူတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်း မာတီခွန် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဘန်ကောက်က ဗီဒီယိုမှတ်တမ်းတွေမှာတော့ ကားတွေ ခေါင်မိုးအထိ ရေမြုပ်နေတာနဲ့ လူတွေ ရေလျှံနေတဲ့ လမ်းမတွေပေါ်က ရေစီးကြောင်းတွေကြားမှာ ဖြတ်ကူးနေကြရတာတွေကို တွေ့ရပါတယ်။
ထိုင်းအစိုးရရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ ထိုင်းဘုရင့်တပ်မတော်ဟာ ရေဘေးကူညီရေးအတွက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးခဲ့ပြီး ယာယီခိုလှုံရေးစခန်းတွေနဲ့ အစားအသောက် ပံ့ပိုးပေးနိုင်ဖို့ နယ်လှည့်ချက်ပြုတ်ရေးယာဉ်တွေကို ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ခံရတဲ့ ဒေသတွေကို စစ်ဘက်ဆိုင်ရာ ဆေးအဖွဲ့တွေ စေလွှတ်ထားသလို သွားလာရခက်ခဲတဲ့ ဒေသတွေအတွက်လည်း ကူညီကယ်ဆယ်ရေး လေယာဉ်တွေကို အသင့်ပြင်ဆင်ထားရှိခဲ့ပါတယ်။
အားကောင်းလာတဲ့ အနောက်တောင်မုတ်သုံလေကြောင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတဲ့ အတွက် နောက်ထပ် ၂၄ နာရီအတွင်း ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုမှုအန္တရာယ်တွေ ဆက်ရှိနေဦးမယ်လို့ ထိုင်းနိုင်ငံ အမျိုးသား ဘေးအန္တရာယ်သတိပေးရေးဗဟိုဌာနက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူ ၁၇၀ ထက်မနည်း သေဆုံးခဲ့ပြီး ပြင်းပြင်းထန်ထန် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ၁ နှစ်တောင် မပြည့်သေးခင်မှာပဲ ဒီဘေးအန္တရာယ်နဲ့ ထပ်မံကြုံတွေ့ရတာ ဖြစ်ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment