စက်တင်ဘာ - ၂၇ ( တနင်္ဂနွေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့နဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်စဖို့ အီရန်ရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။ ဒီကမ်းလှမ်းချက်ပါ စည်းကမ်းချက်တွေကို လက်ခံနိုင်စရာမရှိဘူးလို့ ထရမ့်က ပြောခဲ့ပြီး အီရန်ဘက်က အခုလို သဘောတူညီချက်ရဖို့ ကြိုးစားနေတာဟာ စီးပွားရေးအရ ဖိအားတွေ ပိုများလာလို့ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒီအပတ် နယူးယောက်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတောအတွင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အရတ်ချီ က "၇ ရက်ကြာ ရေတိုစီမံကိန်း" လို့ ဖော်ပြခဲ့တဲ့ အဆိုပြုချက်ကို အမေရိကန်ထံ တင်ပြခဲ့တာပါ။
အီရန်ရဲ့ အဆိုပြုချက်မှာတော့ အမေရိကန်ဘက်က ရေကြောင်းပိတ်ဆို့ထားတာတွေကို ဖယ်ရှား ပေးရမယ်၊ အီရန်ရေနံ တင်ပို့မှုအပေါ် ကန့်သတ်ချက်တွေကို လျှော့ချပေးရ မယ်၊ ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လွှတ်ပေးရမယ်၊ ဒါ့အပြင် လီဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပေးရမယ် နဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြား ကို ပြန်ဖွင့်ပေးပြီး နျူကလီးယားအရေး ဆွေးနွေးပွဲတွေကို ပြန်လည်စတင်သွားမယ်လို့ဆိုထားပါတယ်။
စနေနေ့က အိမ်ဖြူတော်အပြင်ဘက်မှာ သမ္မတ ထရမ့်က သတင်းထောက်တွေကို "ကျနော် သူတို့ရဲ့ အဆိုပြုချက်ကို ငြင်းပယ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "သူတို့ အရေးနိမ့်လွန်းနေလို့ ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးမယ့် သဘောတူညီချက်မျိုး လုပ်ချင်နေကြတာပါ" လို့လည်း ပြောခဲ့ပါတယ်။
“သူတို့ သဘောတူညီချက် ရချင်နေကြတယ်၊ အဲဒါ အဆင်ပြေပါတယ်၊ ကျနော်လည်း သဘောတူညီချက် လုပ်ရတာ ကြိုက်ပါတယ်၊ ဒါပေမဲ့ အခုသဘောတူညီချက်ကတော့ လက်ခံနိုင်စရာ မရှိပါဘူး” လို့ သူက ဆက်ပြောခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ချီက ထရမ့်ရဲ့ ပေါ်ပေါ်ထင်ထင် ငြင်းပယ်မှုကို မှတ်သားထားပေမဲ့ တရားဝင် တုံ့ပြန်မှုကိုတော့ စောင့်ဆိုင်းနေတုန်းပဲလို့ ပြောပါတယ်။
“လိုအပ်တဲ့ အခြေအနေတွေ ပြည့်စုံသွားရင်တော့ ရေလက်ကြားကို ပြန်ဖွင့်ပေးမှာဖြစ်ပြီး ရေကြောင်း သွားလာရေးကိုလည်း ၇ ရက်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်” လို့ သူက မကြာသေးခင်က ပြောထားဖူးပြီး “အခု ရွေးချယ်မှုက အမေရိကန်ပေါ်မှာပဲ မူတည်တော့တယ်” လို့လည်း စကားပါးခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment