ရန်ကုန်၊ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ၊ သက်တော် (၉၉) နှစ်၊ သိက္ခာတော် (၇၉) ဝါရှိ ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟန ပူဇာဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းသုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တသောဘိတာဘိဝံသတို့ အမှူးပြုသည့် ဆရာတော်သံဃာတော်များ၊ ပြည်တွင်းပြည်ပမှ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့နှင့် ဒါယကာဒါယိကာမများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ချမ်းမြေ့ရိပ်သာယောဂီအဖွဲ့များအပါအဝင် ပရိသတ်အားလုံးက “သဗ္ဗေသင်္ခါရာအနိစ္စာတိ” အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ကာ အခမ်းအနားမှူးက သရီရဓာတ်ပြာတော်တို့ကို ဓာတုပဝါဟနပူဇာသဘင်ဆင်ယင်ကျင်းပ ပူဇော်ခွင့်ပြုရန် အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားသည်။
ထို့နောက် ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် လောင်တိုက်ပေါ်သို့ တက်ရောက်ကြပြီး ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သရီရဓာတ်ပြာတော်အရိုးတော်များအား အုန်းစိမ်းရည်ဖြင့် ပက်ဖျန်းပူဇော်ခြင်း၊ သရီရဓာတ်ပြာတော်အရိုးတော်များကို ရတနာရွှေအိုး၊ ငွေအိုးများတွင် ထည့်သွင်းပူဇော်ခြင်း၊ ကျန်ရှိသော သရီရဓာတ်ပြာတော်၊ အရိုး၊ အစ၊ အန အားလုံးကို ရွှေအိတ်များဖြင့် ထည့်သွင်းခြင်းတို့ ဆောင်ရွက်ကြပြီး သရီရဓာတ်ပြာတော်ရတနာရွှေအိုးများကို ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ကြသည်။
ယင်းနောက် ကရဝိက်ယာဉ်ဖြင့် ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး၏ သရီရဓာတ်ပြာတော် ရတနာရွှေအိုးများကို သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်များကို ဖြတ်သန်းပင့်ဆောင်လာရာ လမ်းတစ်လျှောက်တွင် ဒါယကာ ဒါယိကာမများက ဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကျန်းမာရေးဆိပ်ကမ်းတံတား၌ ဆရာတော် သံဃာတော်များက ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဝေယျာဝစ္စအဖွဲ့ဝင်များက ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး၏ သရီရအရိုးပြာဓာတ်တော်များ ထည့်သွင်းပူဇော်ထားသည့် ရတနာရွှေအိုးများနှင့် ရတနာရွှေအိတ်များကို Royal Green River သင်္ဘောပေါ်ရှိ အပူဇော်ခံပုလ္လင်ပေါ်သို့ ပင့်ဆောင်ထားရှိကြသည်။
အဆိုပါသင်္ဘောဖြင့် ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်၊ ပဲခူးမြစ်ဆုံရာနေရာသို့ ရောက်ရှိပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင် တိုက်သစ်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသက ချမ်းမြေ့ဆရာတော်ကြီးအား နောက်ဆုံးပူဇော်သည့်အနေဖြင့် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သာသနာပြုဂုဏ်ဖြင့် ပရိယတ္တိစွမ်းရည်၊ ပဋိပတ္တိစွမ်းရည်တို့ကို ဟောကြားဂုဏ်ပြုပူဇော်ပြီး ချမ်းမြေ့ဆရာတော်ကြီးအား ကုသိုလ်အမျှပေးဝေကြသည်၊၊
ထို့နောက် အခမ်းအနားမှူးက ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သရီရအရိုးပြာဓာတ်တော်များကို သရီရဓာတုပဝါဟန ပူဇာသဘင်ဆင်ယင်သည့်အနေဖြင့် ရေမျှောပူဇော်တော့မည်ဖြစ်ကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားကြေညာပြီး သံဃာတော်များ ဦးဆောင်သည့် ပရိသတ်အားလုံးက “အနိစ္စာ ဝတ သင်္ခါရာ” “ဒုက္ခဝတ သင်္ခါရာ” “အနတ္တဝတ သင်္ခါရာ” အစချီရွတ်ဆိုပွားများကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ချမ်းမြေ့ဆရာတော်ကြီး၏ သရီရအရိုးပြာဓာတ်တော်များကို ထည့်သွင်းပူဇော်ထားသည့် ရတနာရွှေအိုးတော်များ၊ ရတနာရွှေအိတ်တော်များကို ရေမျှောပူဇော်ကြသည်။
အခမ်းအနားအပြီးတွင် အဆိုပါသင်္ဘောပေါ်၌ ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်၊၊
#News #Myanmar

No comments:
Post a Comment