ဒဂုံတောင်၊ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၃/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက (၂၃)ရပ်ကွက်၊ အမှတ်(၁)စက်မှုဇုန်၊ ဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ်က နိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ အရည်အသွေးနှင့် တာဝန်ယူတာဝန်ခံမှုများ မြင့်မားလာစေရေး၊ အဂတိလိုက်စားမှုများ တားဆီးကာကွယ်ရေးနှင့် ပြည်သူများအတွက် ထိရောက်သောဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးတို့အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စသဖြင့် အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေအခြေခံများ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် ရည်မှန်းချက်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ မြေယာစီမံခန့်ခွဲမှု၊ ကျန်းမာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ဘဏ္ဍာရေး၊ စည်ပင်သာယာရေး၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် သက်ဆိုင်ရာဘာသာရပ်များကို ဌာနဆိုင်ရာ သင်တန်းနည်းပြများက စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ရက်သတ္တပတ် ၄ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၄၁ ဦးနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှ (၃၂)ဦး စုစုပေါင်း (၇၃) ဦး တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင်
#News #Myanmar






No comments:
Post a Comment