ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား









နေပြည်တော၊ စက်တင်ဘာ ၂၂

“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်အမြဲတမ်းကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် သက်ဆိုင်ရာနယ်ပယ်အလိုက် အသိပညာရှင်အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ထိုအထဲမှအလုပ်လုပ်သူများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲနွမ်းပါးမှုရှိနေသည်ဟု သုံးသပ်ထားကြောင်း၊ ထို့ကြောင့် ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးပွားရေးသည် အရေးကြီးသည်မှာပေါ်လွင်နေကြောင်း၊ မိရိုးဖလာလုပ်ဆောင်နေကြသည့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျပြောင်းလဲဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် တန်ဖိုးမြှင့်ထုတ်ကုန်များရရှိအောင် ဆောင်ရွက်နိုင်မှသာ ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲ၏ခေါင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံ့ဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ တန်ဖိုးမြှင့်ထုတ်ကုန်မှစက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက်ချိတ်ဆက်ပြီး နိုင်ငံထုတ်ကုန် တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း။

ယနေ့ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရာတွင် ကဏ္ဍတစ်ခုချင်းစီကို သီးခြားခွဲပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရုံဖြင့် မလုံလောက်ကြောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတို့အကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

ထို့ကြောင့် ယနေ့ဆွေးနွေးပွဲ၏ အဓိကမေးခွန်းသည် “လယ်ယာထွက်ကုန် မည်မျှပိုထွက်အောင်လုပ်မလဲ” ဆိုသည့် မေးခွန်းတစ်ခုတည်းမဟုတ်ဘဲ “ထွက်ရှိလာသည့် လယ်ယာထွက်ကုန်များ၏ တန်ဖိုးကို မည်သို့မြှင့်တင်ပြီး နိုင်ငံထုတ်ကုန်အဖြစ် မည်သို့ပြောင်းလဲမည်လဲ” ဆိုသည်ပင်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအကျဆုံးကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍသည် စားနပ်ရိက္ခာထုတ်လုပ်ပေးသည့် ကဏ္ဍတစ်ခုသာမက စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ပံ့ပိုးပေးနိုင်သည့် ကဏ္ဍလည်းဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ်သာ မမြင်သင့်ကြောင်း၊ ထုတ်လုပ်မှု - ကုန်ကြမ်း -ပြုပြင်ထုတ်လုပ်မှု - တန်ဖိုးမြှင့်ထုတ်ကုန် - စက်မှုလုပ်ငန်း - ပြည်တွင်းစားသုံးမှု - ပြည်ပပို့ကုန် ဆိုသည့် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို တစ်ဆက်တည်းစဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်၊ ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းလာမည်၊ ပို့ကုန်တိုးတက်လာမည်၊ နောက်ဆုံးတွင် နိုင်ငံထုတ်ကုန်နှင့် နိုင်ငံစီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း။

အလျဉ်းသင့်သဖြင့် မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ မဟာဗျူဟာမြောက်တည်ရှိနေမှုကိုလည်း တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျအချက်အချာကျသည့်အပြင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိပြီး ကမ္ဘာ့လူဦးရေထက်ဝက်ခန့်နေထိုင်သည့် Valeriepieris Circle အတွင်းတွင် တည်ရှိခြင်းကြောင့် အနီးအနားနိုင်ငံများအပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်ကြီးများသို့ လယ်ယာနှင့်မွေးမြူရေးထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်ပြီး တင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေကြောင်း၊ အနောက်ဘက်တွင် လူဦးရေသန်း ၁၄၃၀ ကျော်ခန့်ရှိသည့် အိန္ဒိယ၊ လူဦးရေ ၁၇၃ သန်းခန့်ရှိသည့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့ဘက်တွင် လူဦးရေသန်း ၁၄၁၀ ကျော်ရှိသည့် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေကြောင်း၊ ထို့ပြင် ရာသီဥတုနှင့် မြေဆီလွှာကောင်းမွန်မှု၊ ကျယ်ပြန့်သည့် စိုက်ပျိုးမြေများ၊ ရှည်လျားသည့် ကမ်းရိုးတန်းနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုတို့သည် မိမိတို့နိုင်ငံ၏ အားသာချက်များဖြစ်ကြောင်း။

ထို့ကြောင့် ယခုကဲ့သို့ သဘာဝနှင့် ပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးပြုပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးသည်မှာ သဘာဝအားသာချက်ရှိခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးလာမည်မဟုတ်ကြောင်း၊ အဆိုပါအားသာချက်ကို ကုန်ထုတ်စွမ်းအား၊ အရည်အသွေး၊ နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအဖြစ် ပြောင်းလဲနိုင်မှသာ နိုင်ငံစီးပွားရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း။

လက်ရှိကာလမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းသည် အဓိကအားဖြင့် အကြောင်းအရာနှစ်ခုရှိပါတယ်၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားမှုတို့ကြောင့်သာဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် စရိတ်စကများပြားမှုကြောင့်လည်းပါကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် လယ်ယာထုတ်လုပ်မှုပမာဏကို သိသိသာသာမြှင့်တင်ပြီး ပြည်တွင်းစားနပ်ရိက္ခာလုံလောက်စွာရရှိကာ ကုန်ဈေးနှုန်းများကို အများပြည်သူတတ်နိုင်သည့် အဆင့်အတိုင်း လျှော့ချနိုင်ရန်လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ဥ၊ အသား၊ ငါး ထုတ်လုပ်မှုသည် စားသုံးမှုအတွက် မပြည့်မီကြောင်း။

ထိုနေရာတွင် ဗီယက်နမ်နိုင်ငံကို ဥပမာပေးလိုကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အကျယ်အဝန်းအားဖြင့် မြန်မာနိုင်ငံ၏ ထက်ဝက်မျှသာရှိပြီး လူဦးရေ ၂ ဆမျှများကြောင်း၊ နိုင်ငံ၏သဏ္ဌာန်သည် တောင်ကုန်းဒေသများဖြစ်ကြောင်း၊ သို့သော် လယ်ယာကဏ္ဍတွင် ဆန် ပြည်ပတင်ပို့မှုတန်ဖိုး ၈ သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်၊ ကော်ဖီတန်ချိန် ၁ သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်၊ ငရုတ်ကောင်း တန်ချိန် ၀ ဒသမ ၂၄ သန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိသည်ကို တွေ့ရကြောင်း။

ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း လယ်ယာထုတ်ကုန်များတိုးမြှင့်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄၁ ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၃ ဘီလီယံ တင်ပို့နိုင်ခဲ့ကြောင်း။

စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအား (Cropping Intensity) မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက်ရရှိကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍကို သမားရိုးကျထုတ်လုပ်မှုစနစ်မှ ခေတ်မီထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ကူးပြောင်းရန်လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိလာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံစီးပွားရေးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးကြီးသည့် ပထမခြေလှမ်းလည်းဖြစ်ကြောင်း။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ စားရေရိက္ခာလုံခြုံရေးကိုလည်း အခြေခံမူဝါဒတစ်ရပ်အဖြစ် ထားရှိရန်လိုကြောင်း၊ လက်ရှိကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၁၀ ဘီလီယံအထိ တိုးလာနိုင်ခြင်းကြောင့် အနာဂတ်တွင် စားရေရိက္ခာလိုအပ်ချက် ပိုမိုမြင့်မားလာမည်မှာ အသေအချာပင်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများ၊ ဒေသတွင်းပဋိပက္ခများ၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ကမ္ဘာ့စားရေရိက္ခာလုံခြုံရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာလုံခြုံရေးကို အာမခံနိုင်ရုံသာမက မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကို အသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့် ထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် “ကမ္ဘာ့စပါးကျီ” နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဆန်စပါးကဏ္ဍတွင် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့်အတူ အရည်အသွေးကောင်းမွန်သည့် ဆန်များထုတ်လုပ်ပြီး ပိုလျှံထွက်ရှိမှုကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်သွားကြရမည်၊ “မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းရမည်” ဆိုသည့်ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အထွက်နှုန်းသာမက အရည်အသွေး၊ စံချိန်စံညွှန်း၊ သိုလှောင်မှု၊ ကြိတ်ခွဲမှု၊ ထုပ်ပိုးမှုနှင့် ဈေးကွက်ချိတ်ဆက်မှုအထိ တစ်ဆက်တည်း မြှင့်တင်ရမည်၊ အရောင်အဆင်း၊ အနံ့၊ အရသာသည် ဈေးကွက်တွင် လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် သီးနှံသည် အရောင်အဆင်းလှမည်၊ အနံ့အရသာနှင့် ပြည့်စုံမည်ဆိုပါက ဝယ်ယူသူအကြိုက်ဖြစ်သဖြင့် ရောင်းအားတက်လာမည်ဖြစ်ကြောင်း၊ အလားတူစွာပင် ပို့ကုန်ဈေးကွက်တွင်လည်း “ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်” ဆိုသည့် ဈေးကွက်ယှဉ်ပြိုင်ရေး အခြေခံသဘောတရားကို လက်တွေ့ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ထုတ်လုပ်သူ၊ ရောင်းချသူများသည် လူသဘာဝအရ အကျိုးအမြတ်ရယူလိုကြောင်း၊ အမြတ်များများရရှိရေးထက် အမြတ်နည်းနည်းဖြင့် ပစ္စည်းများများ ရောင်းချနိုင်ရေးကို အထက်ကဆိုခဲ့သည့် အခြေခံသဘောတရားနှင့် ဆောင်ရွက်စေလိုကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါနည်းဖြင့် တိုင်းပြည်ကို ဓနဥစ္စာကြွယ်ဝအောင် စတင်လုပ်ခဲ့ခြင်းဖြစ်ကြောင်း။

အလားတူ ပြည်တွင်းစားသုံးဆီဖူလုံရေးသည်လည်း ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းတို့ကိုကဲ့သို့ ဆီထွက်သီးနှံများကို ဒေသအလိုက် သင့်လျော်သည့် သီးနှံရွေးချယ်မှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျတိုးချဲ့ စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ ယင်းနေရာတွင် ထုတ်လုပ်မှုပမာဏတိုးတက်ရေးတစ်ခုတည်းကို မကြည့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်လည်းဖြစ်ကြောင်း၊ အခွင့်ကြုံခိုက်တင်ပြရမည်ဆိုပါက ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် Food and Fertilizer Technology Center for the Asian and Pacific Region (FFTC-AP) အဖွဲ့အစည်းက နေပြည်တော်ရှိ အိမ်ထောင်စု ၂၂၀ ကို ကောက်ယူခဲ့သည့် စစ်တမ်းအရ အိမ်ထောင်စုတစ်ခုသည် လစဉ်ဝင်ငွေ၏ ၆၃ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေရပြီး ဆန်နှင့် ဆီသည် ကုန်ကျစရိတ်အများဆုံးဖြစ်ပါကြောင်း၊ ဆန်အတွက် ၁၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဆီအတွက် ၁၃ ဒသမ ၁၆ ရာခိုင်နှုန်း အသီးသီးသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံလူတန်းစားပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကို ပိုမိုအားထားစားသုံးနေကြရခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ ထုတ်လုပ်နေသော်လည်း ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် ထုတ်လုပ်မှုစရိတ်မကိုက်ညီခြင်း၊ ဈေးကွက်ဝယ်လိုအားနှင့် ပြည်တွင်းထုတ်လုပ်မှု မျှတမှုမရှိခြင်းတို့ကြောင့် ပြည်တွင်းဖြစ်ဆီများကို အပြည့်အဝအသုံးမပြုနိုင်သေးသည်ကို လည်းလေ့လာတွေ့ရှိရကြောင်း။

ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်နှင့်ကိုက်ညီအောင် ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချခြင်း၊ စားအုန်းဆီတင်သွင်းမှုကို အဆင့်လိုက်လျှော့ချခြင်းနှင့် ပြည်သူများ ဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်စေရေးအတွက် နည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေတို၊ ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် နည်းလမ်းများကိုလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန် တိုက်တွန်းလိုပါကြောင်း။

စီးပွားဖြစ်လယ်ယာမှ ထွက်ရှိလာသည့် ထုတ်ကုန်အများစုသည် မူလကုန်ကြမ်းအဆင့်၌ပင် ရှိနေမည်ဆိုပါက တန်ဖိုးဖန်တီးနိုင်မှုသည် အကန့်အသတ်ရှိနေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ Agro-based Industries များကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်ကို ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းများကို ဆောင်ရွက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဆန်ကွဲတင်ပို့ခြင်းအစား အရည်အသွေးကောင်းသည့်ဆန်များ တင်ပို့ရောင်းချခြင်း၊ အရည်အသွေးကောင်းသည့် ပဲများတင်ပို့ရောင်းချခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပဲဖတ်၊ ဆန်စက်များကိုလည်း အဆင့်မီအောင် ပြုပြင်ပြီး ဆီထွက်သီးနှံများ ပြည်ပသို့ ရောင်းမည့်အစား ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ပြီး ပြည်တွင်း၌ပင် ဆီကြိတ်ထုတ်လုပ်ရောင်းချခြင်းဖြင့် ပဲကြိတ်ဖတ်များ၊ နှမ်းကြိတ်ဖတ်များသည် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ ပြည်တွင်းဆီဖူလုံမှုကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်မည်ဆိုပါက တောင်သူများ၏ ထုတ်ကုန်တန်ဖိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ စက်ရုံ၊ အလုပ်ရုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာအထောက်အကူပြုစက်မှုလုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပို့ကုန်ဦးတည်သည့် စက်မှုလုပ်ငန်းများ၊ အသေးစား၊ အလတ်စားနှင့် အကြီးစား Agro-based Industries များကို ဒေသအလိုက် အားပေးဖော်ဆောင်ရန်လိုအပ်ကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့်ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ယင်းကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း။

Agro-based Industry ဖွံ့ဖြိုးတိုးတက်ရေးတွင် အရည်အသွေးကောင်းသည့် ကုန်ကြမ်းရရှိရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရာဘာ၊ ဝါ၊ ဝါး၊ ကော်ဖီ၊ ထောပတ်၊ သစ်သီးဝလံနှင့် အခြားဒေသအလိုက် အားသာချက်ရှိသည့် သီးနှံများကို ထုတ်လုပ်မှုပမာဏသာမက အရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုအထိ စဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝါနှင့်ပတ်သက်၍ ဥပမာပေးရမည်ဆိုပါက ဝါစိုက်ပျိုးမှုမှ ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အထည်အလိပ်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးဖော်ဆောင်နိုင်ရန်လိုကြောင်း၊ ဝါးကိုလည်း ရိုးရာအသုံးပြုမှုအဆင့်မှာသာမထားဘဲ စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်သင့်ကြောင်း၊ အလားတူ ကော်ဖီ၊ သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်သီး၊ ပိန်းဉ၊ ငှက်ပျော စသည့် ပြည်ပဈေးကွက်အလားအလာရှိသည့် ထုတ်ကုန်များကိုလည်း တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ပြီး အရည်အသွေးစံချိန်စံညွှန်း၊ ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်ဖော်ဆောင်ရေးအထိ တစ်ဆက်တည်း ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်နိုင်သည်ထက်ရောင်းချနိုင်သည့် ထုတ်ကုန်ဖြစ်စေရေး၊ ရောင်းချနိုင်သည်ထက် တန်ဖိုးမြင့်သည့် ထုတ်ကုန်ဖြစ်စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လယ်ယာကဏ္ဍဟူသည်မှာ စိုက်ပျိုးရေးတစ်ခုတည်းမဟုတ်ဘဲ မွေးမြူရေးကဏ္ဍနှင့်လည်း ပေါင်းစပ်စဉ်းစားရမည်ဖြစ်ကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ မွေးမြူရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ယင်းလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ခေတ်သစ်လယ်ယာကဏ္ဍအသွင်ကူးပြောင်းရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် Agro-based Industries တည်ထောင်ရေးအတွက် လိုအပ်သည့် အရင်းအနှီးများကို အစိုးရဘဏ္ဍာငွေ၊ ပုဂ္ဂလိကဘဏ္ဍာငွေနှင့် ပြည်သူများ၏ ရင်းနှီးမြှုပ်နှံမှုတို့ကို ပေါင်းစပ်ပြီး ဖြည့်ဆည်းပေးနိုင်ရေးလိုအပ်ကြောင်း၊ ယင်းအတွက် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့်လည်း လယ်ယာကဏ္ဍ၏ ရာသီအလိုက် ဝင်ငွေစီးဆင်းမှု၊ ထုတ်လုပ်မှုစက်ဝန်းနှင့် အန္တရာယ်ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့အသုံးဝင်သည့် ငွေကြေးဝန်ဆောင်မှုများ ဖော်ဆောင်ပေးရန်လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဒေသတစ်ခုချင်းစီတွင် သဘာဝအရင်းအမြစ်၊ ရာသီဥတု၊ မြေဆီလွှာနှင့် လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိုယ်ပိုင်အားသာချက်များရှိကြောင်း၊ ထို့ကြောင့် One Region One Product - OROP ကဲ့သို့ ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်မျိုးများကို ရွေးချယ်ပြီး အရည်အသွေးမြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ အမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ပြည်တွင်း/ပြည်ပဈေးကွက် ချိတ်ဆက်ခြင်းများကို စနစ်တကျဆောင်ရွက်နိုင်ပါကြောင်း၊ ယင်းသည် ဒေသဖွံ့ဖြိုးရေးကို အောက်ခြေအဆင့်ကနေစတင်ပြီး အမျိုးသားစီးပွားရေးနှင့် ချိတ်ဆက်ပေးနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း။

ယခုအလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်သည် အခြေအနေများကို ဆန်းစစ်လေ့လာသုံးသပ်သည့် ဆွေးနွေးပွဲဖြစ်ရုံသက်သက်သွားမည်မဟုတ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးမှုတွင် - ဘာတွေဖြစ်နေသလဲဆိုသည်ထက် ဘာတွေကို ဦးစားပေးလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေက ဦးဆောင်မလဲ၊ ဘယ်အချိန်အတွင်း ပြီးစီးအောင်လုပ်မလဲ၊ ဘယ်လိုအရင်းအမြစ်များနှင့် ဆောင်ရွက်မလဲဆိုသည်များကို ပိုမိုအလေးထား ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်း။

အထူးသဖြင့် ဆွေးနွေးပွဲရလဒ်အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များ၊ နှစ်တို၊ နှစ်လတ် လုပ်ငန်းစီမံချက်များ၊ တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်းများ၊ လိုအပ်မည့် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လူစွမ်းအားအရင်းအမြစ်လိုအပ်ချက်များ၊ ဈေးကွက်နှင့် ပို့ကုန်ချိတ်ဆက်ရေးနည်းလမ်းများ၊ အကောင်အထည်ဖော်မှုကို စောင့်ကြည့်တိုင်းတာမည့် နည်းလမ်းများအထိ တိတိကျကျ ဖော်ထုတ်နိုင်ရန်လိုအပ်ပါကြောင်း။

ယင်းရည်မှန်းချက်ကို အစိုးရတစ်ဖွဲ့တည်းဖြင့် အောင်မြင်အောင် ဆောင်ရွက်၍မရကြောင်း၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများ၊ နည်းပညာရှင်များ၏ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် အစိုးရမှ မူဝါဒနှင့် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊ ပုဂ္ဂလိကက ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာကို ဆောင်ရွက်ခြင်း၊ တောင်သူက အရည်အသွေးရှိသည့် ကုန်ကြမ်းထုတ်လုပ်ခြင်း၊ သုတေသနနှင့် ပညာရေးကဏ္ဍမှ နည်းပညာနှင့် အသိပညာဖြည့်ဆည်းပေးခြင်းဟူသည့် အပြန်အလှန်အားဖြည့်သည့် စနစ်တစ်ခုကို တည်ဆောက်ရန်လိုကြောင်း၊ ယင်းသည် Public-Private Partnership ကို အခြေခံပြီး လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍကို ချိတ်ဆက်ဖော်ဆောင်ခြင်းဖြစ်ကြောင်း။

ယနေ့ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် မြေပြင်လက်တွေ့အခြေအနေများကို အခြေခံပြီး ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် “ဘာဖြစ်နေသလဲ” ဆိုတာထက် “ဘာကို ဘယ်လို ပြောင်းလဲမလဲ”၊ “ဘယ်အချိန်မှာ ဘယ်သူက ဘယ်လိုအကောင်အထည်ဖော်မလဲ” ဟူသည့် လက်တွေ့ကျသည့် ဖြေရှင်းချက်များ ထွက်ပေါ်လာရန် အလေးထားဆွေးနွေးသွားကြစေလိုကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် အကြံပြုချက်များ၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် လုပ်ငန်းစီမံချက်များသည် စာတမ်းများအဖြစ်သာကျန်ရှိမနေဘဲ လက်တွေ့အကောင်အထည်ဖော်နိုင်သည့် မူဝါဒနှင့် Action Plan များအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာ့လယ်ယာကဏ္ဍသည် ခေတ်မီပြီး ကုန်ထုတ်စွမ်းအားမြင့်မားသည့် ကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲလာမည်ဖြစ်သကဲ့သို့ လယ်ယာအခြေပြု စက်မှုလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပြည်တွင်းထုတ်လုပ်မှုတို့ တိုးတက်လာပြီး နိုင်ငံထုတ်ကုန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အင်အားပြည့်မောင်းနှင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဖြည့်စွက်ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုရှိရန်လိုအပ်နေဆဲဖြစ်သဖြင့် မိမိအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အကြံဉာဏ်များကို ပေးလျက်ရှိကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မိမိလေ့လာတွေ့ရှိသမျှဆောင်ရွက်ရန် ရှိသည်များအား သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများကို အမြဲမပြတ်ဆွေးနွေးမှာကြားတိုက်တွန်း ဆောင်ရွက်စေလျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၌ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ ဒသမ ၄ သန်းရှိခဲ့ပြီး ရိတ်သိမ်းဧက ၁၇.၄ သန်းရှိကြောင်း၊ သို့သော် အဆိုပါရိတ်သိမ်းဧကများမှရရှိသည့် ပျမ်းမျှအထွက်နှုန်းမှာ ၈၅ တင်းခန့်သာရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါအထွက်နှုန်းအပေါ်မူတည်ပြီး ကာလပေါက်ဈေးဖြင့် တွက်ချက်မည်ဆိုပါက ရရှိမည့်ငွေသည် ၁၄၈၄ သန်းနီးပါးဖြစ်ကြောင်း၊ အကယ်၍ ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက လက်ရှိရရှိနေသည့် ပမာဏထက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် တိုးမြှင့်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် သီးထပ်စိုက်ပျိုးနိုင်မည်ဆိုပါကလည်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် စပါးတစ်မျိုးတည်းကိုသာ အာရုံစိုက်ဆောင်ရွက်ရမည်မဟုတ်ဘဲ၊ နိုင်ငံတော်အနေဖြင့် အားပေးစိုက်ပျိုးလျက်ရှိသည့် သီးနှံ ၉ မျိုးကိုလည်း သက်ဆိုင်ရာဒေသများ၏ ရာသီဥတုနှင့် မြေအမျိုးအစားအလိုက် သင့်လျော်သည့် နေရာများတွင် တိုးမြှင့်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း။

အဆိုပါသီးနှံများကိုလည်း သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိအောင် ရည်မှန်းချက်ထားပြီး စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် ပို့ကုန်ရငွေသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း။

ထို့ကြောင့် သီးနှံတစ်ခုချင်းစီအလိုက် ဆန်းစစ်ကြည့်မည်ဆိုပါက ဆန်း၊ စပါး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် နစ်နာဆုံးရှုံးမှုများ ရှိနေသကဲ့သို့ အခြားသီးနှံ ၉ မျိုးတွင်လည်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း လူတစ်ဦး၏ နေ့စဉ်စားသောက်မှုတွင် ဆန်သည်အရေးကြီးသကဲ့သို့ စားသုံးဆီသည်လည်း မရှိမဖြစ်ရေးပါသည့် အစားအစာတစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း ၅၁ သန်းကျော်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အကြံပြုထားသည့် စားသုံးမှုနှုန်းထားအတိုင်း တွက်ချက်ကြည့်မည်ဆိုပါက လက်ရှိထုတ်လုပ်မှုနှင့် စားသုံးမှုအခြေအနေကို သေချာစွာပြန်လည်ဆန်းစစ်ရန် လိုအပ်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးလျှင် တစ်နှစ်ကို ၆ ပိဿာ စားသုံးမည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်သည် တန်ချိန် ၅ သန်းခန့်ဖြစ်ကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဆီထုတ်လုပ်မှုအခြေအနေကိုလည်း ပြန်လည်ဆန်းစစ်ကြည့်ရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် စာရင်းအချက်အလက်များအရ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်း စသည့်ဆီထွက်သီးနှံများ စုစုပေါင်းဆီတန်ချိန် တစ်သန်းကျော်ထွက်ရှိနိုင်ကြောင်း၊ စာရင်းဇယားများအရ ထွက်ရှိသည့် ဆီပမာဏနှင့် ပြည်တွင်းစားသုံးမှုကို ချိန်ထိုးတွက်ချက်ကြည့်မည်ဆိုပါက လုံလောက်ရုံမက ပိုလျှံနေသင့်သည့် အခြေအနေကို တွေ့ရမည်ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီပါက များစွာပိုလျှံနေမည်ဖြစ်ကြောင်း၊ ထည့်သွင်းစဉ်းစားရမည်မှာ မြေပဲ၊ နှမ်းတို့မှာ မိရိုးဖလာစားသုံးသူရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေအမြောက်အမြားအသုံးပြုပြီး တစ်နှစ်ကိုစားအုန်းဆီတန်ချိန် ၅၅၀,၀၀၀ ကနေ ၆၅၀,၀၀၀ အတွင်း ပြည်ပမှ တင်သွင်းပေးနေရသည်ကို တွေ့ရကြောင်း။

အလားတူ မိမိအနေဖြင့် အစောပိုင်းတွင် တင်ပြခဲ့သည့် ဆန်စပါးကဏ္ဍကိုလည်း ပြန်လည်ကြည့်ရှုရန်လိုကြောင်း၊ ဆန်စပါးကို ကြိတ်ခွဲထုတ်လုပ်မည်ဆိုပါက ဆန်အပြင် ထွက်ရှိလာသည့် ဖွဲ၊ ဖွဲကြမ်း၊ ဆန်ကွဲနှင့် စပါးခွံများကိုလည်း ပြည်တွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဖွဲမှ ဖွဲဆီထုတ်လုပ်နိုင်သည့်အတွက် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းမှ ထပ်မံဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဖွဲကြမ်းကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့၊ စပါးခွံကိုလည်း ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဆန် စပါးကဏ္ဍတစ်ခုတည်းမှ ထုတ်ကုန်တစ်မျိုးတည်း ရရှိခြင်းမဟုတ်ဘဲ၊ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကိုပါ စနစ်တကျပြန်လည်အသုံးပြုပြီး တန်ဖိုးထပ်မံဖန်တီးနိုင်သည့် ဥပမာတစ်ခုအနေဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ တစ်ချိန်က ဖွဲဆီထုတ်ခဲ့သော်လည်း နည်းပညာအရ အရည်အသွေးညံ့ဖျင်းမှုကြောင့် လူများကဖွဲဆီကို စိတ်မဝင်စားကြကြောင်း၊ ယနေ့ခေတ်ကာလတွင် နည်းပညာများ မြင့်မားလာပြီဖြစ်သဖြင့် ဖွဲဆီသည် သာမန်စားသုံးဆီများနှင့် ယှဉ်လာနိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲအမြောက်အမြားထွက်ရှိသည့် မိမိတို့နိုင်ငံအနေဖြင့် ဖွဲဆီထုတ်လုပ်သုံးစွဲမှုကို အားပေးရန်လိုကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံတွင်ရှိသည့် လူဦးရေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်၊ အရေအတွက်အားဖြင့် ၁၅ သန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြကြောင်း၊ အဆိုပါလူဦးရေ ၁၅ သန်းသည် တစ်နေ့ကို လူတစ်ဦးလျှင် ကြက်ဥတစ်လုံးနှုန်းစားသုံးမည်ဆိုပါက တစ်နေ့ကို ကြက်ဥအလုံးရေ ၁၅ သန်းလိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ နေ့စဉ် ကြက်ဥ ၁၅ သန်း ထုတ်လုပ်ပေးနိုင်ရန်အတွက် ဥပေးနိုင်သည့် ကြက်ကောင်ရေ သန်း ၂၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူပင် ကြက်သားစားသုံးမှုကို ကြည့်မည်ဆိုပါက လူတစ်ဦးလျှင် တစ်နေ့ ၅ ကျပ်သားနှုန်းဖြင့် တွက်ချက်မည်ဆိုပါက စုစုပေါင်းကြက်သားပိဿာချိန် ၈ သိန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ကြက်တစ်ကောင်၏ အသားထွက်ရှိမှုကို ပျမ်းမျှ ၁ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက နေ့စဉ်စားသုံးမှုအတွက် အသားတိုးကြက် စုစုပေါင်းအကောင်ရေ ၈ သိန်းခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလားတူ ဝက်သားစားသုံးမှုကိုလည်း လူတစ်ဦးလျှင် တစ်နေ့ ၅ ကျပ်သားနှုန်းဖြင့် တွက်ချက်မည်ဆိုပါက စုစုပေါင်းဝက်သားပိဿာချိန် ၈ သိန်းလိုအပ်မည်ဖြစ်ကြောင်း၊ ဝက်တစ်ကောင်ကို ပျမ်းမျှ ၅၀ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက နေ့စဉ်စားသုံးမှုအတွက် ဝက်အကောင်ရေ ၁၅၆၈၂ လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေလိုအပ်ချက်နှင့်အညီ အစားအစာဖူလုံရေးအတွက် မွေးမြူရေးကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် မွေးမြူရေးကဏ္ဍကို လက်ရှိအခြေအနေထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအပြင် ထုတ်လုပ်မှုတိုးတက်လာသည့်အခါ ပိုလျှံထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ရေးကိုပါ ရည်မှန်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြားသီးနှံများကိုလည်း ဥပမာပေးရမည်ဆိုပါက ဝါစိုက်ပျိုးရေးကဏ္ဍကို ကြည့်နိုင်ကြောင်း၊ ပိုလျှံသည့် ဝါကို ဝါဂွမ်းအနေဖြင့် ပြည်ပသို့ တင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်မည်ဆိုပါက ဝါဂွမ်းမှချည်၊ ချည်မှချည်ထည်နှင့် အဝတ်အစားများကို ဆက်လက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆက်စပ်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းအဝတ်အထည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း သည် Agro-Based Industries ပင်ဖြစ်ကြောင်း။ ထို့ပြင် ဝါမှရရှိသည့် ဝါစေ့ကိုလည်း ဝါစေ့ဆီအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ ဝါကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ လင်တာဂွမ်းကိုလည်း စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ဝါစိုက်ပျိုးရေးမှ ထွက်ရှိလာသည့် ထုတ်ကုန်နှင့် ဘေးထွက်ပစ္စည်းများကိုပါ အလဟဿမဖြစ်စေဘဲ အမျိုးမျိုးပြန်လည် အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများကနေ အလုပ်အကိုင်အခွင့်အလမ်းများစွာရကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ၏ လုပ်အားများစွာ ရရှိနိုင်ကြောင်း။

အလားတူ ဝါးစိုက်ပျိုးရေးကဏ္ဍတွင်လည်း ဝါးကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့ခြင်းထက် ဝါးမှ တန်ဖိုးမြင့်စက်မှုထုတ်ကုန်များ ထုတ်လုပ်သွားရန်လိုအပ်ကြောင်း၊ ဥပမာအားဖြင့် လူသုံးကုန်ပစ္စည်းများ၊ ပရိဘောဂများ၊ စက္ကူ၊ အထည်အလိပ်၊ ဝါးတူ၊ သွားကြားထိုးတံ စသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့အပြင် ဝါးတူလုပ်ငန်းမှ ထွက်ရှိလာသည့် အမှုန့်များကိုလည်း ခြင်ဆေးခွေထုတ်လုပ်သည့် လုပ်ငန်းအတွက် ပြန်လည်ရောင်းချအသုံးပြုနိုင်ကြောင်း၊ ဝါးခုတ်ရာမှ ထွက်ရှိလာသည့် ဝါးဆစ်ပိတ်များကိုလည်း အပူလုံနည်းပညာဖြင့် လောင်ကျွမ်းစေပြီး ဝါးမီးသွေးအဖြစ် ထုတ်လုပ်နိုင်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ထုတ်ကုန်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ တန်ဖိုးမြင့်လက်မှုနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေရရှိလာမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း။

အလားတူ ကြံစိုက်ပျိုးရေးကဏ္ဍကို ကြည့်မည်ဆိုပါကလည်း ကြံမှတစ်ဆင့် သကြားထုတ်လုပ်ရုံသာမက ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကိုပါ ပြန်လည်အသုံးပြုနိုင်ကြောင်း၊ ဥပမာအားဖြင့် ကြံကြိတ်ဖတ်များကို မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းတွင် အသုံးပြုနိုင်ပါကြောင်း၊ သကြားထုတ်လုပ်သည့် လုပ်ငန်းစဉ်အတွင်း ရရှိလာသည့် တင်လဲရည်များကိုလည်း အဖျော်ယမကာထုတ်လုပ်ရေးတွင် အဓိကအသုံးပြုနိုင်သကဲ့သို့ သဘာဝမြေဩဇာပြုလုပ်သည့် ဘိုကာရှိ နည်းလမ်းများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ကြောင်း၊ ယင်းသို့စိုက်ပျိုးရေးထုတ်ကုန်များ၏ ဘေးထွက်ပစ္စည်းများကိုပါ ပြန်လည်အသုံးပြုနိုင်မည်ဆိုပါက ထုတ်လုပ်မှုကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း ထပ်မံအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ထို့အပြင် နေကြာ၊ နှမ်းစိုက်ပျိုးမွေးမြူရေးကဏ္ဍများကို အခြေခံပြီး မွေးမြူရေးလုပ်ငန်းကိုလည်း တွဲဖက်ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိကမ္ဘာ့ဈေးကွက်နှင့် ဒေသတွင်းဈေးကွက်များတွင် ပျားမွေးမြူရေးမှရရှိသည့် ပျားရည်အတွက် ဈေးကွက်အလားအလာများ ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ ပျားမွေးမြူရေး၏ အကျိုးကျေးဇူးသည် ပျားရည်ထုတ်လုပ်ရရှိမှု တစ်ခုတည်းမဟုတ်ဘဲ ပျားများသည် သီးနှံများ၏ ဝတ်မှုန်ကူးမှုကို ကူညီပေးခြင်းကြောင့် သီးနှံအထွက်နှုန်းတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပြီး တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိစေပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများကို သီးခြားစီဆောင်ရွက်ခြင်းထက် တစ်ခုနှင့်တစ်ခုချိတ်ဆက်ပြီး ထွက်ရှိလာသည့် ထုတ်ကုန်နှင့် ဘေးထွက်ပစ္စည်းများကို အပြည့်အဝပြန်လည်အသုံးပြုနိုင်သည့် စနစ်တစ်ခုအဖြစ် ဖော်ဆောင်သွားနိုင်ရန်လိုအပ်ကြောင်း။

လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအနက် အဓိကတွေ့မြင်နေရသည်မှာ ကုန်ဈေးနှုန်းကြီးမြင့်နေမှုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့် အကြောင်းရင်းကို မိမိတို့အနေဖြင့် တိတိကျကျ ဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ထုတ်လုပ်မှုနှင့်သုံးစွဲမှု Supply and Demand မမျှတခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် Cost of Production (CoP) မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားရသည့် အကြောင်းရင်းများအနက် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်ခြင်း၊ လုပ်အားခမြင့်မားခြင်း၊ အခြေခံကုန်ကြမ်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် အခြားအထွေထွေကုန်ကျစရိတ်များ မြင့်မားနေခြင်းတို့ပါဝင်ကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်ဆိုပါက ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတလာမှသာ ဈေးကွက်အတွင်း လိုအပ်ချက်နှင့် ရောင်းလိုအားကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း။

အချုပ်အားဖြင့်ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် ထုတ်လုပ်မှုမှ စတင်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လယ်ယာ၊ မွေးမြူရေး၊ သဘာဝအရင်းအမြစ်နှင့် လူ့စွမ်းအားများကို အခြေခံပြီး ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ကုန်ကြမ်းများကိုလည်း ကုန်ကြမ်းအတိုင်း ရောင်းချခြင်း၊ တင်ပို့ခြင်းမျိုးမဟုတ်ဘဲ ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းများကို ဆောင်ရွက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှသာ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချနိုင်သကဲ့သို့ ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပြီး ရောင်းချနိုင်လာသည့်အခါ ထုတ်လုပ်သူများ၏ ဝင်ငွေတိုးလာမည်ဖြစ်သကဲ့သို့ လုပ်ငန်းများ တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ တိုက်ရိုက်အလုပ်အကိုင်များ၊ သွယ်ဝိုက်အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေတိုးလာသည့်အခါ ပြည်သူများ၏ စားဝတ်နေရေးပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့်လူနေမှု အဆင့်အတန်းများတွင်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတိုးတက်လာသည်နှင့်အမျှ နိုင်ငံ၏အမျိုးသားဝင်ငွေတိုးတက်လာပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ယင်းနောက် ယဉ်ကျေးမှုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အနုပညာရှင်များက “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အစီအစဉ်ဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ကြသည်။

၎င်းနောက် နိုင်ငံတော်သမ္မတထံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ်လက်ဆောင်အား နေရာအရောက် ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)