စက်တင်ဘာ - ၂၅ ( သောကြာနေ့ )
အီရန်ဟာ လအတော်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမေရိကန်တွေရဲ့ နိုဝင်ဘာ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ အဆုံးသတ်နိုင်ဖို့ အမေရိကန်ကို သဘောတူညီချက် အသစ်တစ်ခု ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ အီရန်ဘက်က သဘောတူညီချက်ရဖို့အတွက် ရွေးကောက်ပွဲ ပြီးတဲ့အထိ တမင်စောင့်ဆိုင်းနေတာပါဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို တိုက်ရိုက် စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။
အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ထရမ့်က နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ ဘယ်လို ရလဒ်ထွက်မလဲဆိုတာကို ကြည့်ဖို့ အီရန်က ဆွေးနွေးပွဲတွေကို တမင် အချိန်ဆွဲနေတာပါလို့ စွပ်စွဲခဲ့ပြီး၊ ရွေးကောက်ပွဲ "ပြီးပြီးချင်း" မှာပဲ အီရန်ဘက်က သဘောတူညီချက် ရယူလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့တာပါ။ ဒါ့ပြင် ဆွေးနွေးပွဲတွေသာ မအောင်မြင်ခဲ့ရင် အီရန် ကို "လုံးဝ အမြစ်ပြတ် ချေမှုန်းပစ်မယ်" လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ကြာသပတေးနေ့က နယူးယောက်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပ သတင်းစာ ရှင်းလင်းပွဲမှာတော့ အီရန်သမ္မတ မာဆွဒ် ပီဇီရှကီရန် က "ကျနော်တို့အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲအထိ မရောက်စေချင်ပါဘူး" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဝါရှင်တန်နဲ့ တီဟီရန်တို့ ကြားမှာ ရရှိခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MOU) ဆီကို အမေရိကန်ဘက်က ရွေးကောက်ပွဲ မတိုင်မီ ပြန်လာစေချင်တယ်လို့လည်း သူက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
"ခင်ဗျားတို့ သမ္မတနဲ့ ကျနော်တို့ သဘောတူညီချက် ရခဲ့ကြပါသေးတယ်… ပြဿနာက အမေရိကန်ဟာ တွေ့ဆုံဆွေးနွေးမှု လုပ်မယ့်အစား ကျနော်တို့ကို အရင်ဆုံး ဗုံးကြဲတိုက်ခိုက်ပြီး လမ်းကြောင်းတိုင်းကို ပိတ်ဆို့ပစ်ရင်း ရန်လိုတဲ့ ဘက်ကို လျှောက်လှမ်းသွားခဲ့တာပါပဲ" လို့ ပီဇီရှကီယန် က Fox သတင်းဌာန နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ "ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်ဖို့အတွက် ကြံ့ကြံ့ခံ ရပ်တည်သွားမှာပါ။ ကျနော်တို့ဘက်က စစ်ပွဲကို ဘယ်တုန်းကမှ မလိုလားခဲ့ပါဘူး… ဒါကို အဆုံးသတ်ချင်သလား၊ မသတ်ချင်ဘူးဆိုတာကို အမေရိကန်ဘက်ကပဲ ရွေးချယ်ရမှာပါ" လို့ ဆိုသွားပါတယ်။
Ref: RT
#News #Myanmar

No comments:
Post a Comment