စက်တင်ဘာ - ၂၆ ( စနေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်းစကီးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မော်စကိုမြို့ကို သွားရောက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဇီလန်းစကီးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဘလွန်းဘာဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဇီလန်းစကီးအနေနဲ့ မော်စကိုမြို့ကို ကြိုက်တဲ့ဘယ်အချိန်မဆို လာရောက်နိုင်တယ်လို့ ရုရှားဘက်ကလည်း အရင်ကတည်းက ထပ်ခါတလဲလဲ ပြောဆိုထားတာရှိပါတယ်။ ဒီအပတ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဘက် တွေ့ဆုံပွဲအတွင်း အမေရိကန်သမ္မတက အခုလို အကြံပြုခဲ့တာလို့ သတင်းက ဆိုပါတယ်။
အခြေအနေသိရှိသူတွေရဲ့ ပြောကြားချက်အရ ထရန့်ရဲ့ ဒီအဆိုပြုချက်ကြောင့် ဇီလန်စကီး တော်တော်လေး စိတ်ပျက်သွားခဲ့ပြီး ဒီအကြံဉာဏ်ကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ် အပြင်ဘက်မှာ သတင်းထောက်တွေက မော်စကိုမြို့ကို ဘယ်တော့သွားမလဲလို့ ထပ်မံမေးမြန်းတဲ့အခါမှာတော့ ဇီလန်စကီးဟာ သိသိသာသာ စိတ်ဆိုးဒေါသထွက်သွားပြီး "ဒုံးပျံစီးပြီး သွားရမှာပေါ့ ကွာ!" လို့ ဆဲဆိုကာ တုံ့ပြန်ခဲ့ပါတယ်။
ဒီအပတ်စောစောပိုင်းတုန်းက ယူကရိန်းနဲ့ ၎င်းကို ထောက်ခံတဲ့နိုင်ငံ ၅၁ နိုင်ငံတို့ဟာ မော်စကိုနဲ့ ကိယက်ဗ်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် ရုရှားအနေနဲ့ "ချက်ချင်းနဲ့ စည်းကမ်းချက်မရှိ အပစ်အခတ်ရပ်စဲရေး" ကို လက်ခံဖို့ တောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်ကတော့ မော်စကိုအနေနဲ့ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး၊ ယူကရိန်းကို ကျောထောက်နောက်ခံပေးထားတဲ့ ဥရောပ နိုင်ငံတွေဟာ "ကိယက်ဗ်အစိုးရဆီ လက်နက်တွေ ထပ်ဖြည့်တင်းဖို့အတွက်ပဲ" အပစ်ရပ်ချင်နေတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
သမ္မတ ထရန့်ဟာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မကြာသေးမီကမှ ပြန်လည်စတင်ခဲ့ပြီး၊ သူ့ရဲ့ အထူးသံတမန် စတီဗ် ဝစ်ကော့ဖ်နဲ့ သမက်ဖြစ်သူ ဂျဲရဒ် ကူးရှ်နာတို့ဟာ ဒီလဆန်းပိုင်းတုန်းက မော်စကိုနဲ့ ကိယက်ဗ် နှစ်မြို့လုံးကို သွားရောက်ခဲ့ကြပါတယ်။ ခရီးစဉ်အပြီးမှာ ဝစ်ကော့ဖ်က မြို့တော်နှစ်ခုလုံးမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအပေါ် "ကျေနပ်အားရမိကြောင်း" နဲ့ သံတမန်နည်းလမ်းအားဖြင့် ဒီပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ ဝါရှင်တန်က မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားဘက်ကတော့ ပဋိပက္ခရဲ့ မူလဇစ်မြစ် အကြောင်းအရင်းတွေကို ဖြေရှင်းပေးပြီး လက်ရှိမြေပြင်အခြေအနေအမှန်တွေကို ထည့်သွင်းစဉ်းစားပြီး ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အသင့်ရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားတာပါ။ ရုရှားရဲ့ တောင်းဆိုချက်တွေ ထဲမှာ ယူကရိန်းအနေနဲ့ နေတိုး အဖွဲ့ထဲဝင်ဖို့ အစီအစဉ်တွေကို စွန့်လွှတ်ပြီး ကြားနေနိုင်ငံအဖြစ် ရပ်တည်ဖို့၊ စစ်တပ်အင်အားအပေါ် ကန့်သတ်ချက်တွေကို လက်ခံဖို့နဲ့ ခရိုင်းမီးယား အပါအဝင် ယခင်ယူကရိန်းပိုင်နယ်မြေ ၄ ခုကို ရုရှားပိုင်နက်အဖြစ် တရားဝင် အသိအမှတ်ပြုဖို့ စတာတွေ ပါဝင်ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment