နေပြည်တော်၊ စက်တင်ဘာ ၂၆
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Liu Wei ၏ ဖိတ်ကြားမှုအရ စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဖိုရမ် (Global Sustainable Transport Forum 2026) သို့ တက်ရောက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဖိုရမ် (Global Sustainable Transport Forum 2026) ကို ကမ္ဘာ့ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးနိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (Global Development Initiative-GDI) နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (Global Governance Initiative-GGI) တို့ကို ရှေ့သို့အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်၊ ထို့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (SDGs) နှင့် “ကုလသမဂ္ဂ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ဆယ်စုနှစ် ၂၀၂၆-၂၀၃၅” (UN Decade of Sustainable Transport 2026-2035) တို့ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
အဆိုပါဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးက ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ၄၀ ခန့်နှင့် နိုင်ငံအသီးသီးမှ ပို့ဆောင်ရေးဆိုင်ရာ အရာရှိကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖိုရမ်၏ ပထမနေ့ဖြစ်သော စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဖိုရမ်၏စုံညီအစည်းအဝေး (Plenary Session) တွင် ဖိုရမ်၏ အဓိကဆောင်ပုဒ်ဖြစ်သော “Sustainable Transport: Easier Movement of People and Smoother Flow of Goods” (ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး-လူသားတွေ ပိုမိုလွယ်ကူစွာ သွားလာနိုင်ရေးနဲ့ ကုန်စည်တွေ ပိုမိုချောမွေ့စွာ စီးဆင်းနိုင်ရေး) ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ညနေပိုင်းတွင် ဝန်ကြီးများဖိုရမ်ကို ဆက်လက်ကျင်းပရာ “ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုယန္တရား အစီအမံ (GGI) တို့ကို အကောင်အထည်ဖော်ခြင်း” ခေါင်းစဉ်အပေါ် တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ တက်ရောက်လာကြသည့် ပို့ဆောင်ရေးဝန်ကြီးများက အပြုသဘော ထောက်ခံဆွေးနွေးကြပြီး “ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်” ကို အတည်ပြုကြသည်။
ဖိုရမ်၏ ဒုတိယနေ့တွင် အထူးပြုဆွေးနွေးပွဲ (Thematic Session) များကို ခေါင်းစဉ်များအလိုက် ဆက်လက်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ် အဆင့်မြင့်အရာရှိကြီးများက တက်ရောက်ခဲ့ကြသည်။
ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ပို့ဆောင်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့် နှစ်နိုင်ငံသယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ပိုမိုတိုးမြှင့်သွားရန် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြုသဘောဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ဆောင်မှုဌာနမှတာဝန်ရှိသူ အဆင့်မြင့်အရာရှိများပါဝင်သောအဖွဲ့တို့ သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ “မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် (Greater Mekong Subregion Cross-Border Transport Facilitation Agreement– GMS-CBTA)” ကို လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment