ဘားအံ၊ အောက်တိုဘာ ၂
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြမေးခွန်း (၇)ခုကို မေးမြန်းဖြေကြားကြပြီး အဆိုတစ်ခု၊ လျာထားချက်စာရင်းတစ်ခု၊ ကော်မတီအစီရင်ခံစာတစ်ခုတို့ကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ သဘောထားရယူ၍ အစည်းအဝေးဒုတိယနေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက် ရယူမှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက စက်သုံးဆီရရှိရေး၊ စာပေနှင့်ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ အားကစား၊ ကျန်းမာရေး အစ ရှိသည့် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မေးမြန်းဆွေးနွေးကြရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါက်တာ ဌေးနောင်က ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် သန့်စင်ခန်းအသုံးပြုပြီးတိုင်း လက်ဆေးသော အလေ့အကျင့် အကောင်အထည်ဖော်နိုင်ရေး ပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ ဦးစောမြင့်ထွေး၊ ကော့ကရိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)က ထောက်ခံဆွေးနွေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ သဘောတူညီကြ သည့်အတွက် ၎င်းအဆိုကို အောက်တိုဘာ ၆ ရက် စတုတ္ထပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ကရင်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်စာရင်းများကို ပြည်နယ်လွှတ်တော်သို့တင်သွင်းခဲ့ပြီး အဆိုပါလျာထားချက်စာရင်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ၏အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးအေးမင်းထွေးက ဖတ်ကြားတင်ပြကာ ၎င်းလျာထားချက်စာရင်းကို အောက်တိုဘာ ၆ ရက် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွား မည် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar




No comments:
Post a Comment