နိုဝင်ဘာ - ၁၈ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်ဦးဆောင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့(ကတ်ဒ်) ရဲ့ ခေါင်းဆောင်တွေ ဟာ အင်္ဂါနေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွေရဲ့ ဘေးဘက်အစီအစဉ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကတ်ဒ် အဖွဲ့ဆိုတာ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားတဲ့ အလွတ်သဘော လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်ပါတယ်။
အခုတွေ့ဆုံမှုဟာ နှစ်နှစ်အတွင်း ကတ်ဒ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ လူကိုယ်တိုင် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မနီလာမြို့ကို မရောက်ရှိခင် နာရီပိုင်းအလိုမှသာ အိမ်ဖြူတော်က ဒီအစည်းအဝေးကျင်းပမယ့် အကြောင်းကို တရားဝင် အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ကတ်ဒ်အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အိန္ဒိယနိုင်ငံက ယူထားတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ထိပ်သီးအစည်းအဝေးကိုလည်း အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ မျှော်လင့်ထားခဲ့ကြပေမဲ့ ထရမ့်အစိုးရရဲ့ အကောက်ခွန်တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ဖိအားပေးမှုတွေကြောင့် အိန္ဒိယနဲ့ အမေရိကန်အကြား သံတမန်ရေးရာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့သလို ကတ်ဒ်အဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း စိုးရိမ်မသက်မသာ ဖြစ်မှုတွေ ရှိလာခဲ့ပါတယ်။
မနီလာမြို့မှာ ပြောကြားရာမှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကတ်ဒ် အဖွဲ့အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသ အတွက် ယုံကြည်စိတ်ချရတဲ့ ဖြေရှင်းနည်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ယုံကြည်စိတ်ချရတဲ့ ကုန်ပစ္စည်းနဲ့ ကုန်ကြမ်းထောက်ပံ့ရေးကွင်းဆက်တွေ၊ ပေါ်ထွန်းလာနေတဲ့ နည်းပညာအသစ်တွေနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကူညီရေးလုပ်ငန်းတွေ ပါဝင်တယ်လို့ မိုဒီက ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သူ့ရဲ့ ပထမဆုံးသမ္မတ သက်တမ်းအတွင်း ပြန်လည်အသက်သွင်းဖွဲ့စည်းခဲ့တဲ့ ကတ်ဒ်အဖွဲ့ရဲ့ အဓိကရည်မှန်းချက်တွေကို ထပ်မံပြောကြားခဲ့ပါတယ်။ ထရမ့်က “ကျနော်တို့နိုင်ငံလေးနိုင်ငံဟာ လွတ်လပ်ပွင့်လင်းပြီး တည်ငြိမ်သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသကြီးရဲ့ ထောင့်လေးထောင့်အဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#Myanmar #News


No comments:
Post a Comment