ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်း (ကျောက်ကြီးမဲဆန္ဒနယ်)မှ-
မိမိတင်ပြမည့်အကြောင်းအရာသည် ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်း မြို့မှ ယာယီနေရပ် စွန့်ခွာပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ ကျောက်ကြီး-နတ်သံကွင်း- ပဲနွယ်ကုန်းကားလမ်း အား ပြည်သူများ ပုံမှန်အတိုင်းအသုံးပြုနိုင်ရေးအတွက် အကူအညီတောင်းခံခြင်း ဖြစ်ပါကြောင်း။
ကျောက်ကြီးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသည့် နေရာဖြစ်ပြီး မြန်မာနိုင်ငံ၏အကျဉ်းဆုံး ခါးလယ်ပိုင်းတွင် တည်ရှိပါကြောင်း၊ နေပြည်တော်ကို မိုင် ၁၄၀ ခန့် လေးနာရီခန့်သွားရပြီး ပဲခူးမြို့ကို သုံးနာရီခွဲ ၁၀၁ မိုင်ခန့်သွားရပါကြောင်း၊ ကျောက်ကြီး မြို့မှ ထိုင်းနိုင်ငံကိုသွားမည်ဆိုပါက မိုင် ၈၀ ကျော်ခန့်ကွာဝေးပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို သွားရောက်နိုင်သည့် အနီးဆုံးလမ်းကြောင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မဲမသမာမှု ဖြစ်ပွားပြီး နောက်ပိုင်း ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက်အဖွဲ့များ၊ PDF အကြမ်းဖက်သမားများ၊ တစ်နိုင်ငံလုံး ရှိ အကြမ်းဖက်သမားများကို မွေးထုတ်လေ့ကျင့်ပေးသည့်နေရာတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ လက်ရှိ PDF များသည် ကျောက်ကြီးမြို့နယ်တွင်ရှိသည့် တပ်မတော်စခန်းများ၊ မြို့ရွာများကိုတိုက်ပွဲဖော် ဆောင်ပြီးဆောင်ရွက်ခဲ့ခြင်းကြောင့် ကျောက်ကြီးမြို့နယ်မှာရှိသည့် ကျေးရွာများ၊ နတ်သံကွင်း မြို့နှင့် အနီးပတ်ဝန်းကျင်မှာရှိသည့် ပြည်သူများသည် နေရပ်ကိုစွန့်ခွာပြီး လယ်ဧက ၂၀,၀၀၀ ကျော် ကို မစိုက်ပျိုးနိုင်ခဲ့သည်မှာ သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နတ်သံကွင်း တိုက်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၆ ဦးရှိပြီး ဗိုလ်မှူးဌေးအောင် ဦးစီး ၁၆ ဦး ထပ်မံ ရောက်ရှိသည့် အချိန်တွင် ၃၂ ဦး ရှိပါကြောင်း၊ အကြမ်းဖက်အင်အား ၅၀၀ ဦးဖြင့် ၁၃ ရက်ကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီး အဆမတန် သာလွန်အင်အားများရှိခဲ့သော်လည်း အကြမ်းဖက်အဖွဲ့မှ တပ်မှူးအဆင့်နှင့်အင်အား ၂၀၀ ဦးခန့် ကျဆုံးခဲ့ပြီး ၇-၁-၂၀၂၄ ရက်နေ့တွင် ဆုတ်ခွာထွက်ပြေးခဲ့ရပါကြောင်း၊ ဗိုလ်မှူးသူရဌေးအောင်၏ ခေါင်းဆောင်မှုနှင့် တပ်ကြပ်ကြီးညွန့်ဝင်းတို့၏ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သတ္တိ၊ ဗျတ္တိ ကောင်းမွန်မှုကြောင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
နတ်သံကွင်းတိုက်ပွဲတွင် ဒေသခံပြည်သူများဆီမှ ရန်သူ့သတင်းများ ကြိုတင်ရရှိခဲ့ခြင်းသည်တိုက်ပွဲ အောင်နိုင်မှု၏အဓိကအချက်ဖြစ်ခဲ့ပါကြောင်း၊ လက်ရှိမှာ ကျောက်ကြီးမြို့နယ်အနီးတစ်ဝိုက်နှင့် နတ်သံကွင်းမြို့တွင် တိုက်ပွဲမဖြစ်ပွားသည်မှာ သုံးနှစ်ကျော်ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ထို့အတွက် ပြည်သူများ စုပေါင်းပြီး ကော်မတီဖွဲ့ခြင်း၊ နေရပ်ပြန်လည်နေထိုင်နိုင်ရန်အတွက် စီမံချက်ရေးဆွဲခြင်း၊ စာရင်းများ ကောက်ခံခြင်း၊ ရပ်ရွာလုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် ဆန္ဒရှိသူစာရင်း ကောက်ခံသည့် အဆင့်များ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်သည့်အချိန်တွင်လည်း သောင်းကျန်းသူများနှင့် ဆက်စပ်ပတ်သက်သည့်သူများ မပါရှိရေးအတွက် ကော်မတီအဆင့်ဆင့်နှင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုမိုးတွင်းတွင် ပြန်လည်မနေထိုင်ရဘူးဆိုပါက ၎င်းတဲများသည် လက်ရှိနေထိုင်လို့ရရှိသည့် အခြေအနေ မရှိတော့ပါကြောင်း၊ လက်ရှိနယ်မြေရှင်းလင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါကြောင်း၊ နတ်သံကွင်း-ကျောက်ကြီးကြားထဲတွင်ရှိသည့် ၉ မိုင်၏ ဝဲ/ယာများတွင် ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်ရမည့်အခြေအနေဖြစ်ပါကြောင်း၊ ယခုလက်ရှိ ပြည်သူများ အသုံးပြုနေသည့် လမ်းကို ကျောက်များ၊ သဲများ၊ အုန်းတုံး နေရာများတွင် တပ်မတော်သားများ၏ အကူအညီဖြင့် လမ်းခင်းထားသည့်အခြေအနေဖြစ်ပါကြောင်း။
ပြည်သူတွေသွားလာနိုင်ရန်အတွက် တပ်မတော်သားများက ၎င်းတို့၏ လုံခြုံရေးအခြေအနေ အရ အရပ်ဝတ်ဖြင့် ဆောင်ရွက်ပေးနေသည့်အခြေအနေဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် အုန်းတုံးနေရာ မိုးတွင်းတွင်သွားလာရခက်ခဲသည်ဖြစ်သည့်အတွက် ခင်းထားသော်လည်း လက်ရှိ အုန်းတုံးများပြန်ဖော်ပြီး သဲ၊ ကျောက်များခင်းရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေသည်ဟု သိရပါ ကြောင်း၊ ၎င်း အုန်းတုံးများက ကျောက်ကြီးမြို့မှ အုန်းပင်၊ ထန်းပင်များဝယ်ပြီး ကားဖြင့်သယ်ခြင်း၊ လမ်းပေါ်တွင်ရှိသည့်အပိုင်းလိုက်ကို ကားမသွားနိုင်သည့်နေရာများကို တပ်မတော်သားများက ထမ်းပြီး ခင်းနေရသည့်အခြေအနေဖြစ်ပါကြောင်း၊ လက်ရှိကျောက်ကြီးမှာလည်း အုန်းပင် များ မရှိသလောက်ကုန်နေသည်ဖြစ်သည့်အတွက် ၎င်းလမ်းပိုင်းကို ပြင်ဆင်ရန် လိုအပ်နေသည့် အခြေအနေဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအနေဖြင့် နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းပိတ်သိမ်းရေးအတွက် အမျိုးသား အဆင့်ကော်မတီ ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ၎င်းထဲတွင် ပဲခူးတိုင်းဒေသကြီး မပါရှိပါ ကြောင်း၊ ပဲနွယ်ကုန်း- နတ်သံကွင်းကားလမ်းတွင်ရှိသည့် ရွာပေါင်း ၁၆ ရွာကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်မတော်သားများ၏ ကူညီဆောင်ရွက်ပေးမှုနှင့် ပြန်လည်နေထိုင်နိုင်ခဲ့သည့် ရက်များ ဖြစ်ပါကြောင်း။
လက်ရှိအစိုးအရအသစ်ပေါ်ပေါက်ပြီးနောက်ပိုင်း ရက် ၁၀၀ အတွင်းဆောင်ရွက် ပေးနိုင်ခဲ့ သည့် အခြေအနေဖြစ်ပါကြောင်း၊ အိမ်ထောင်စု ၈၉၇ စု ပြန်လည်ဝင်ရောက်နေထိုင်ရန် စာရင်းပေး ထားပြီး ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူတွေအတွက် ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲ၍ ကော်မတီ ဖွဲ့စည်းထားပြီး ၎င်းတို့၏လုပ်ငန်းစဉ် ၂၁ ရပ် ကိုရေးဆွဲထားပြီး မိုင်းသင်တန်းပေးမှု၊ အသိပညာပေးမှု နှစ်ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူ ၁၀၀,၀၀၀ ကျော်က ၎င်းလမ်းပွင့်ရန်အတွက် မျှော်လင့်နေ ကြပါကြောင်း၊ လက်ရှိယာယီနေရပ်စွန့်ခွာများ မျှော်လင့်နေသည်မှာ မည်သည့်အချိန်တွင် အိမ်ပြန်လို့ ရမလဲဆိုသည့် အချိန်ဖြစ်ပါကြောင်း၊ ကျောက်ကြီးမြို့နယ်ရှိ ပြည်သူများသည် လမ်းကောင်းရန် မလို ၎င်းလမ်းပေါ်တွင် လုံခြုံစွာသွားလာနိုင်ရန်၊ အလုပ်အကိုင်နှင့် စားဝတ်နေရေးအဆင်ပြေရန် လိုအပ်ခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းကောင်းမွန်လာခြင်းသည် ပြည်သူ ၁၀၀,၀၀၀ ကျော်၏ မျက်ရည်များကို သုတ်ပေးခြင်းဖြစ်ပါကြောင်း။
ကလေးများ၏အနာဂတ် ပြန်လည်ဖွင့်ပေးရန်ဖြစ်ပါကြောင်း၊ မိသားစုများ၏မျှော်လင့်ချက်ကို အသက်သွင်းပေးရန်ဖြစ်ပါကြောင်း၊ ထို့အတွက် ကျောက်ကြီးမြို့နယ်မှ ပြည်သူများ၏ဒုက္ခများကို လက်တွေ့ကျကျနှင့်ဆောင်ရွက်ပြီး ကူညီပေးနိုင်ရန် ပြည်သူများက မျှော်လင့်တကြီး စောင့်ဆိုင်း နေသည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ပုံမှန်အတိုင်းဆောင်ရွက်ပေးရန်၊ ပြည်သူများ ပူးပေါင်းပါဝင်ရန်လိုအပ်ပါက မိမိတို့စည်းရုံးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလို့ရပါကြောင်း၊ လက်ရှိ ကျေးရွာများတွင် လုံခြုံရေးများ ပြန်လည် ပြုလုပ်ပေးရန်၊ ၎င်းရွာများတွင်လည်း ပြေးစရာမြေမရှိ သည့်ပြည်သူများ အများကြီးကျန်ရှိနေပါကြောင်း၊ နတ်သံကွင်းနှင့် ကျောက်ကြီးမှာရှိသည့် ဌာနဆိုင်ရာ ရုံးများ ပြန်လည်ဖွင့်လှစ်ပေးရန်၊ လုံခြုံရေးများ ကောင်းမွန်သည့်နေရာတွင် ပြန်လည် နေထိုင်ပေးရန်၊ ပြန်လည်တည်ဆောက်ပေးရန်လုပ်ငန်းတွေကို သက်ဆိုင်ရာကနေ မည်သို့ ဆောင်ရွက်ပေး မည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ အရှည် ၉ မိုင်ရှိ ကျောက်ကြီး-နတ်သံကွင်း ကားလမ်းပေါ်တွင်ရှိသည့် ခရုမြောင်တံတား၊ ထန်းလေးပင်တံတားနှင့် သဲကုန်းတံတား တို့ကို ၂၀၂၃ ခုနှစ်မှာ KNU/PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကဖျက်ဆီးခဲ့ပြီး လုံခြုံရေး အခြေအနေအရ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးသည့်အပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာလည်း KNU/PDF အကြမ်းဖက်အဖွဲ့များသည် အများပြည်သူနေထိုင်ရာ ရွာများအတွင်းသို့ ဝင်ရောက်ခိုအောင်းပြီး လှုပ်ရှားလျက်ရှိပါကြောင်း၊ ကျောက်ကြီး-နတ်သံကွင်းကားလမ်းတစ်လျှောက်တွင် KNU/ PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်ခြင်း၊ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များကို မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းတို့ကြောင့် လတ်တလောတွင် ကျောက်ကြီး-နတ်သံကွင်းကား လမ်းအား အသုံးပြု၍မရသေးပါကြောင်းနှင့် ကျောက်ကြီးမြို့နယ်တွင် ပြောင်းရွှေ့၊ ရောက်ရှိ၊ ထွက်ခွာမည့်ဝန်ထမ်းများ၊ တက္ကသိုလ်များသို့ ပညာသင်ကြားရန်သွားရောက်မည့် ကျောင်းသား ကျောင်းသူများနှင့် ကျန်းမာရေးအရ ဆေးဝါးကုသမှုခံယူသူများ သွားလာမှုအဆင်ပြေစေရေး အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ သက်ဆိုင်ရာ နယ်မြေခံတပ်နယ်သို့ ခရီးသွားရောက်မည့်အခြေအနေများကို သတင်းပို့တင်ပြပြီး တပ်မတော်လုံခြုံရေး၊ တပ်မတော် ယာဉ်တန်းများဖြင့် ပို့ဆောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-နတ်သံကွင်းကားလမ်းမကြီး၏ ဝဲ/ယာမှာရှိသည့် အကြမ်း ဖက်သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားနေသည့်ကျေးရွာများသို့ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်လျက်ရှိပြီး ကျောက်ကြီး မြို့နှင့် နတ်သံကွင်းမြို့ အနီးဝန်းကျင်မှာရှိသည့် ကျေးရွာများတွင် အကြမ်းဖက် သောင်းကျန်းသူများ မြှုပ်နှံထားသည့်မိုင်းများကို တပ်မတော်မှ ရှင်းလင်းဆောင်ရွက်လျက်ရှိ ပါသောကြောင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသည့်အချိန်မှသာ သွားလာနေထိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့တွင် ဌာနဆိုင်ရာရုံး ၃၁ ရုံးရှိသည့်အနက် ၂၁ ရုံးမှာ ရုံးလုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်း ခုနစ်ကျောင်း၊ ကုတင် ၅၀ ဆံ့ တိုက်နယ် ဆေးရုံတစ်ရုံ၊ မြို့မဈေးတစ်ခုတို့ ဖွင့်လှစ်ထားရှိပါကြောင်း၊ နတ်သံကွင်းမြို့မှာ နတ်သံကွင်းနယ်မြေ ရဲစခန်းတစ်ခုသာဖွင့်လှစ်နိုင်ပြီး တပ်မတော်နှင့်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်လျက်ရှိပါကြောင်း ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီး နယ်မြေလုံခြုံရေး အခြေအနေ ပြန်လည်ကောင်းမွန်ပါက ကျန်ဌာနဆိုင်ရာရုံးများကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တင်ပြအပ်ပါကြောင်း။
တိုက်ပွဲရှောင်ပြည်သူများကိုစိစစ်ပြီး ပြန်လည်နေရာချထားခြင်းနှင့်စပ်လျဉ်းပြီး တိုက်ပွဲရှောင် ပြည်သူများနှင့်အတူ အကြမ်းဖက်သမားများ ရောနှောဝင်ရောက်လာမှု မရှိစေရေးအတွက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနစသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျစိစစ်ပြီး အိမ်ထောင်စု အလိုက် ပြန်လည်နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများ၏ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမှ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက် ပေးမှုနှင့်စပ်လျဉ်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် အခါ ဆောက်လုပ်ရေး ပစ္စည်းများ အချိန်မီရရှိနိုင်ရေး၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တိုက်ပွဲရှောင်ပြည်သူများ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိအချိန်တွင် နတ်သံကွင်းမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများမှ ရံဖန်ရံခါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်ခြင်း၊ Drop Bomb များ၊ FPV Drone များဖြင့် တိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိသည့်အတွက် လတ်တလော လုံခြုံရေး အခြေအနေအရ ဒေသခံပြည်သူများ ပြန်လည်နေထိုင်ရန် မသင့်လျော်သေးပါကြောင်းနှင့် လုံခြုံရေး အခြေအနေ ကောင်းမွန်သည့်အချိန်မှသာ တိုက်ပွဲရှောင်ပြည်သူများကို ပြန်လည်နေရာချ ထားခြင်း လုပ်ငန်းများ၊ တိုက်ပွဲဖြစ်ပွားခဲ့သောကျေးရွာများ၏ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပေါင်းစပ် ဖြေကြားခဲ့သည်။
ဦးဟံသာဝင်း(ကျောက်ကြီးမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းအားမေးမြန်းခဲ့သည်မှာ -
ပြည်သူ ၁၀၀,၀၀၀ ကျော် လိုချင်နေသည့်အဖြေကို ဒုတိယဝန်ကြီးဖြေကြားပေးသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ကျောက်ကြီးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ကရင်ပြည်နယ် နှင့်အဆက် နေပြည်တော်နှင့် မိုင် ၁၄၀၊ ပဲခူးနှင့် သုံးနာရီခွဲသာ ကြာသည့်ခရီးဖြစ်ပါကြောင်း၊ ချင်းပြည်နယ် လို ဝေးလံခေါင်သီပြီး မိမိမြို့နယ်နည်းတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့သည့် ဖလမ်း၊ တီးတိန်များတွင်လည်း ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရန်၊ ဌာနဆိုင်ရာရုံးများ ပြန်လည်လည်ပတ်ရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နိုင်ရန်အတွက် ဒုတိယဝန်ကြီး ဦးဆောင်ပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်နေသည်ကိုလည်း အားကျဖွယ်ရာ တွေ့မြင်နေရပါ ကြောင်း၊ မိမိတို့ကျောက်ကြီးမြို့နယ်ကိုလည်း ချင်းပြည်နယ်က မြို့နယ်များနည်းတူ ပြည်သူများ ပြန်လည်နေထိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များလုပ်ရန် ပြည်သူ မျှော်လင့်စောင့်စားနေကြပါကြောင်း။
နိုင်ငံတော်သမ္မတ၏ ၂၈-၁၀-၂၀၂၆ ရက်နေ့ အစည်းအဝေး၌ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက် တင်ခံနိုင်သည့်အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ရေခံမြေခံ ကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ပေါင်းစပ်အသုံးချ၍ ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်းဆိုပြီး ပြောကြားသွားခဲ့သည်မှာ ရှိပါကြောင်း။ လက်ရှိ နိုင်ငံတော်အဆင့်ဖွဲ့ စည်းထားသည့်အထဲတွင် မိမိတို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိ၏ဆက်စပ်မေးခွန်းမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က နေရပ်စွန့်ခွာပြည်သူများ၏ ပြန်လည်ထူထောင်ရေးကိစ္စများ အမျိုးသားအဆင့်ကော်မတီတွင် မပါသည့်အတွက် ပဲခူးတိုင်း ဒေသကြီးမှာရှိသည့် နေရပ်စွန့်ခွာပြည်သူများ သိန်းနှင့်ချီရှိပါကြောင်း၊ ၎င်းကော်မတီတွင် မိမိတို့ ပါဝင်ဖွဲ့စည်းပြီး တိုးချဲ့ဆောင်ရွက်ပေးမည် ဆိုပါက ပဲခူးတိုင်းဒေသကြီးအတွက် အဆင်ပြေနိုင် မည်လို့ယူဆပါကြောင်း၊ ယခင် ၅ နှစ် အတွင်း ပျက်စီးဆုံးရှုံးမှုများပြားလွန်းသည့်အတွက် တိုင်းဒေသကြီးရန်ပုံငွေနှင့် လုံလောက်ခြင်း မရှိပါကြောင်း၊ နိုင်ငံတော်မှ သီးခြားရန်ပုံငွေ သို့မဟုတ် အရေးပေါ်ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပေးနိုင်ရန်၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး ကော်မတီကဲ့သို့ပဲ ဒုတိယဝန်ကြီး တစ်ဦး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး လုံခြုံရေးကောင်းမွန်သည့် နေရာများတွင် ဌာနဆိုင်ရာပေါင်းစုံပါဝင်ပြီး ကော်မတီနှင့်ပြန်လည်စိစစ်ပေးရန် အစီအစဉ် ရှိ/ မရှိ ကိုသိလိုပါကြောင်းနှင့် ကျောက်ကြီးမြို့က နတ်သံကွင်းတွင် တိုက်ပွဲမဖြစ်ပွားသည်မှာ သုံးနှစ် ကျော်ကြာပြီဖြစ်ပါကြောင်း၊ လက်ရှိမှာလည်း မနေ့က လုံခြုံရေးတာဝန်ခံဖြင့် ကော်မတီတွင် သွားရောက်တွေ့ဆုံတဲ့အချိန်တွင်လည်း တကယ်လို့တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်းခံလာပါက နယ်မြေခံတပ်များအနေဖြင့် လုံခြုံရေးအာမခံချက်များ ပေးမည်ဆိုသည်ကိုလည်း ပြောကြားခဲ့ ကြောင်း၊ ပြည်သူများကလည်း ပူးပေါင်းပြီး လိုအပ်လျှင် ပတ်ချာလည်တွင် ပြည်သူများ၏ကင်းများ ထုတ်ပေးလို့ရကြောင်း၊ ထို့အတွက် လက်ရှိအခြေအနေလေးကို ပြန်လည်သုံးသပ်ပေးရန်လည်း တင်ပြလိုပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် နတလဝန်ကြီးဌာန၏ လုပ်ငန်း လိုအပ်ချက်အရ ဖွံ့ဖြိုးရေးဆောင်ရွက်သည့် မြို့နယ်အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ တို့ကိုဌာနဆိုင်ရာပေါင်းစုံနှင့် ပြန်လည်ညှိနှိုင်းပြီး ဖြေကြားပေးရန်အတွက်လည်း တင်ပြလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က -
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးသည့်အထဲတွင် အဓိကအချက် ၂ ချက်ပါ ပါကြောင်း၊ ပထမအချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် မပါဝင်သည်နှင့်၊ ဖွဲ့စည်းပုံထဲမှာ မပါဝင်သည်တို့ကို စပ်လျဉ်းပြီး ဆောင်ရွက်လို့ ရ /မရ ဆိုသည် အပိုင်းနှင့်၊ ကျောက်ကြီး-နတ်သံကွင်းကားလမ်းနယ်မြေတွင် သုံးနှစ်ကျော် စစ်ဘေးဒဏ်သင့်ခဲ့ပြီး လက်ရှိကာလတွင် သုံးနှစ်ကျော်ကြာခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/ မရှိဆိုသည့် အဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိ ဆိုသည့် အချက် ၂ ချက်ဖြစ်ပါကြောင်း၊ နယ်မြေတစ်ခုတည်ငြိမ်အေးချမ်းရန် ပြည်သူပါမှ အဆင်ပြေမည်ဖြစ်ပါ ကြောင်း၊ တိုက်ပွဲတစ်ခု အောင်မြင်ဖို့ဆိုသည်မှာ တပ်မတော်သော်လည်းကောင်း၊ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သော်လည်းကောင်း၊ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင် များနှင့်သော်လည်းကောင်း မိမိတို့အဖွဲ့ချည်းနှင့်လုပ်၍မရပါကြောင်း၊ ပြည်သူပါမှ မိမိတို့ စစ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများပါရန်အတွက် သက်ဆိုင်ရာနယ်မြေအေးချမ်းရန်၊ သက်ဆိုင်ရာ နယ်မြေဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည့် သက်ဆိုင်ရာနယ်မြေသည် တည်ငြိမ်အေးချမ်း နေမှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ စီးပွားရေးအခွင့်အလမ်းတွေဖွံ့ဖြိုးတိုးတက်ပြီး ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် နယ်မြေတစ်ခုကိုတည်ငြိမ်အောင် အရင်ဆုံးဦးစားပေး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်အခါ သက်ဆိုင်ရာအစိုးရ၏ ကြီးကြပ် ကွပ်ကဲမှု၊ သက်ဆိုင်ရာတပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နယ်မြေခံတိုင်းစစ်ဌာနချုပ်ကနေ နယ်မြေတစ်ခုတည်ငြိမ်အေးချမ်းအောင် ဦးစားပေးပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်မြေတည်ငြိမ်မှသာ အခုနကလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့်လိုက်၊ အဆင့်လိုက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်အခါ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ့်နယ်မြေလိုအပ်ချက် အပေါ်တွင် မူတည်ပြီး မည်သည့်နယ်မြေတွင် ဘာများလိုအပ်သည်ဆိုသည်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြရမည်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ကိုတင်ပြပြီးမှသာ မိမိ၏ခွင့်ပြု ရန်ပုံငွေတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှာရှိသည့်ရန်ပုံငွေက လုံလောက်လျှင် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် သုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုံလောက်မှုမရှိပါက သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ကြီးကြပ် ကွပ်ကဲမှုနှင့် သက်ဆိုင်ရာသဘာဝဘေးသော်လည်းကောင်း၊ အမျိုးသားအဆင့်သော်လည်းကောင်း ၎င်းရန်ပုံငွေမှ သက်ဆိုင်ရာအကြီးအကဲရဲ့ခွင့်ပြုချက်ဖြင့် သုံးစွဲသွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့်အချက် ၂ ချက်၌ ပထမတစ်ချက်သည် တည်ငြိမ် အေးချမ်းရေးကို ဦးစားပေးပြီး ပထမဦးဆုံးဆောင်ရွက်ရမည်ဖြစ်ပြီး ဒုတိယတစ်ချက်ဖြစ်သည့် ပြန်လည်ထူထောင် ရေး လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဆင့်ပြီးတစ်ဆင့် တင်ပြပြီးဆောင်ရွက်မှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
#News #Myanmar

No comments:
Post a Comment