ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးတိုး ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးတိုး ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ



ပူတာအို အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဝေးလံခေါင်ပါးသည့်ဒေသတစ်ခုဖြစ်သည့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နောင်မွန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့မှ ပူတာအို-မချမ်းဘော-မဂွေဇ-ခေါင်လန်းဖူး လမ်းကြောင်းအတိုင်း မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ကြပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ၂၁ မိုင် ဗျူးပွိုင့် နေရာတွင် ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာနမှ မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန် လမ်းတစ်လျှောက် တောင်နံရံချဲ့ခြင်းနှင့် အမာခံမြေသားလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ထိုမှတစ်ဆင့် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်၌ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၁)မှ ကဆန်ခချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် တံတားအမှတ် (၂/၁) မဂွေဇ တံတားအရှည် ၁၈၀ မီတာရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ တာဝန်ရှိသူများ၏ တံတားဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို ပြည်နယ်ဝန်ကြီးချုပ်က တံတားအချိန်မီ တည်ဆောက်ပြီးစီးရေးနှင့် တံတားနှင့်အတူ ချဉ်းကပ်လမ်းများပါ တစ်ပြိုင်တည်း တည်ဆောက်ပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တံတားတည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လမ်းဖူး လမ်းပိုင်း ဆန်းလွတ် ချက်တောင်ကြား ပေပေါင်း ၇၇၀၀ အမြင့်တွင် တောင်အတက် အဆင်းလမ်း ပြေပြစ်အောင်ဆောင် ရွက်နေမှုနှင့်  ကိုးထပ်ကွေ့ လမ်းကြောင်းအတွင်း လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖူလုံဗျူးပွိုင့်နေရာ၌ မြေယာရှုခင်းများဖြင့် စနစ်တကျ သန့်ရှင်းသာယာလှပစွာ ပြုပြင်ဆောင်ရွက် နိုင်ရေးမှာ ကြားခဲ့ကာ ခေါင်လန်ဖူးမြို့နယ်အတွင်း လပြည့်ဝန်းကုမ္ပဏီမှ တည်ဆောက်လှူဒါန်းခဲ့သည့် ရီဒမ်းဂျစ်ကားကူးကြိုးတံတား၏ ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်း အတွင်း မေခမြစ်ပေါ်၌ တည်ဆောက်လျက်ရှိသည့် တံတားအမှတ် (၁/၄၄) အရှည်ပေ   ၆၀၀ ရှိ ရီဒမ်းတံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိကာ မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ဒေသခံများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုလားချက်များ၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်

ထို့နောက် အောက်တိုဘာ ၂၈ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မဈေး တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရပ်ကွက်(၁)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့အင်္ဂါရပ်နှင့်အညီ တောင်ပေါ်မြို့ဖြစ်သည့်အတွက် ဒေသ၏ အလှအပနှင့် သဘာဝရင်းမြစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွန်ကရစ်လမ်းနှင့် လှေကားထစ်များ၊ လမ်းဘေးဝဲ/ယာရေမြောင်းများဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသသည် သာယာ လှပသောမြို့တစ်ခုဖြစ်သည့်အတွက် ‌ဒေသ၏ အလှအပ၊ သဘာဝအရင်းအမြစ်များကို တန်ဖိုးထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟချက် နည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်ရာတွင် ဝေးလံခေါင်ပါးပြီး သွားလာရခက်ခဲသည့် ခေါင်လန်ဖူး ဒေသအား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးရန် နီးစပ်ခဲ့ပြီဖြစ်ပါကြောင်း၊ ဒါ့အပြင် လျှပ်စစ်မီးရရှိရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် နေအိမ်ခြံဝင်းများအတွင်း ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ဟင်းသီးဟင်းရွက် ပင်များစိုက်ပျိုးနိုင်ရေး၊ ခေါင်လန်ဖူးဒေသ ကားလမ်း ဖောက်လုပ် ပြီးစီးပါက ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာမည်ဖြစ်ပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဌာနလုပ်ငန်းတာဝန်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံလုပ်ငန်းများ ချမှတ်ဆောင်ရွက်နေမှုကို ရှင်းလင်း ပြောကြားကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသ ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး တို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် Oxygen Concentrator (၁၀)လုံး၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့နယ်အတွက် ဆန်အိတ်အလုံး (၅၀)နှင့် ငွေကျပ်(၅၂)သိန်း၊ ခေါက်ဆွဲခြောက်ဖာ ၃၆ ဖာ တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဒေသခံများကိုယ်စား ရပ်မိရပ်ဖ ဦးပီတာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လီဆူစာပေနှင့် ယဉ်ကျေးမှုရုံးဝင်းအတွင်း အကြီးကိုကိုစာကြည့်တိုက်(၆)ကို  ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မတည်ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ကာ လူငယ်၊ လူရွယ်များ စာအုပ်စာပေဖတ်ရှုလေ့လာနိုင်ရေး တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့မှ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့မြေတိုးချဲ့ရန် လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရဝမ် အထိမ်းအမှတ်ဥယျာဉ်နှင့် ရဝမ်တိုင်းရင်းသားတို့ သမိုင်းအစဉ်အလာအစပြုရာနေရာဖြစ်သည့် ခြေရာကုန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခေါင်လန်ဖူးမြို့ မြို့ဝင်ဆိုင်းဘုတ် တည်ဆောက်မည့် နေရာနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်သွားမည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသ၏ သဘာဝအရင်းအမြစ် တောတောင်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် နောင်မွန်းမြို့သို့ ရောက်ရှိပြီး နောင် မွန်မြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများနှင့် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား အားပေး ထောက်ပံ့ကာ နောင်မွန်းမြို့တွင် ရောက်ရှိနေသည့် ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန၏ နယ်လှည့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး အဖွဲ့များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ ဆေးရုံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ထောက်ပံ့ ငွေကျပ် ၄ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နောင်မွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိ/မြို့ဖများ၏ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွက်  Oxygen Concentrator (၁၀)လုံး၊ ဌာနဆိုင်ရာများနှင့် ဘာသာရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ နှင့် ဆန်အိတ် ၅၀ အိတ်၊ ခေါက် ဆွဲခြောက်ဖာ ၃၆ ဖာတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရပ်ဘော့ကျေးရွာအုပ်စု ကဆန်ဒမ်းကျေးရွာအတွင်း လမ်းဦးစီးဌာနမှ ရပ်ဘော့-နောင်မွန်းလမ်း ၁ မိုင် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေး ခဲ့ကြသည္။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)