ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက်၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာဈေးဓမ္မာရုံနှင့် အလုပ်သမား ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ များကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်းအောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက်၊ ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ(၂၃)ရက်နေ့တွင် မင်္ဂလာဈေးဓမ္မာရုံ၌ အသက်၅၅နှစ်နှင့်အထက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၃၁၅)ဦးရှိကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အလုပ်သမားဓမ္မာရုံတွင် ရပ်ကွက်အလိုက် ၄၀ နှစ်နှင့် အထက် ပထမအကြိမ် ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၂၈၀) ဦးရှိကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူ များကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ သည်။
သတင်း - အောင်မြင့်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment