ပေကျင်း၊ ဒီဇင်ဘာ ၂၇
ဗြိတိန် ဘုရင်မကြီး အယ်လီဇဘက်(II)နေထိုင်ရာ ဝင်ဆာရဲတိုက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
စောင့်ကြည့်ကင်မရာတွင် ဒူးလေးကိုင်ဆောင်ထားသော ယင်းအမျိုးသားသည် ကြိုးလှေကားဖြင့် နံရံကျော်ကာ ရဲတိုက်ဝန်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးမ်းနေသည်ကို တွေ့ရကြောင်း ဗြိတိန်မီဒီယာများက ဒီဇင်ဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။
ဗြိတိန်ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ယင်းအမျိုးသားသည် အင်္ဂလန်တောင်ပိုင်း ဆောက်သမ်ပတန်မြို့မှလာခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မည်သည့်အဆောက်အဦကိုမျှ ဝင်ရောက်ခြင်းမရှိသော်လည်း ကာကွယ်ရေးဧရိယာအတွင်း တိုက်ခိုက်ရေး လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ရန် သံသယရှိမှုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အချင်းဖြစ်ပွားချိန်သည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်တွင် ဖြစ်ကြောင်း ၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေပြီး ဗြိတိန်တော်ဝင်မိသားစုများက ယင်းဖြစ်ရပ်ကို သိရှိပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဒီဇင်ဘာ ၂၅ ရက်သည် ခရစ္စမတ်ပွဲတော်ဖြစ်ရာ ဘုရင်မကြီး အယ်လီဇဘက်(II)သည် ၎င်း၏သားဖြစ်သူ ချားလ်စ် ဝေလမင်းသားဇနီးမောင်နှံနှင့်အတူ ဝင်ဆာရဲတိုက်တွင် ပွဲတော်အကျဉ်းချုံကျင်းပနေချိန်ဖြစ်သည်။
အယ်လီဇဘက်(II)သည် ယခုအခါ သက်တော် ၉၅ နှစ်ရှိပြီး ဗြိတိန်တွင် အသက်အရှည်ဆုံးနှင့် ထီးနန်းအုပ်စိုးချိန်အကြာဆုံး ဘုရင်မကြီး ဖြစ်သည်။ ၂၀၂၂ ခုနှစ်သည် သူမ၏ နန်းစံနှစ် ၇၀ ပြည့်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် သူမသည် များသောအားဖြင့် ဝင်ဆာရဲတိုက်အတွင်းတွင် နေထိုင်ခဲ့သည်။ ၎င်း၏ကြင်ရာတော် မင်းသားကြီးဖိလစ်သည် ယခုနှစ် ဧပြီလတွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် သက်တော်အားဖြင့် ၉၉ နှစ်ရှိကြောင်း သိရသည်။
ပုံစာ- ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် ဈာပနအခမ်းအနားကျင်းပရန်အတွက် လူအများစုဝေးနေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment