လောင်းလုံး၊ ဒီဇင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို လောင်းလုံးမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦစွာ အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က အမှာစကား ပြောကြားပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမြင့်နိုင်မှ ပြောကြားရာ၌ သင်တန်းနှင့်ပတ်သက်၍ နေ့စဉ်လူသုံးကုန်ပစ္စည်းများဖြစ်သည့်အတွက် သင်တန်းမှ ပို့ချပေးသော သင်ခန်းစာနှင့် လက်တွေ့ပြုလုပ်နည်းကို သေသေချာချာ တတ်မြောက်အောင်လေ့လာသင်ကာ မိမိကိုယ်တိုင်လည်းကြိုးစားပြီး ထုတ်လုပ်ရောင်းချနိုင်ရန်၊ ထုတ်လုပ်သည့်အခါမှာလည်း ပစ္စည်းတွေက အရည်အသွေးကောင်းကောင်းနှင့် ထုတ်လုပ်ရောင်းချနိုင်ရင်တော့ မိမိအတွက် အောင်မြင်မှာပါ၊ အလုပ်တစ်ခုအောင်မြင်တာနဲ့အမျှ မိသားစုအတွက် တစ်ဖက်အလမ်းမှ ဝင်ငွေ တိုးပွားနိုင်မည်ဖြစ်ပြီး အထောက်အကူလည်းဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီသင်တန်းကို တက်ရောက်တဲ့ သင်တန်းသား/ သူများအနေဖြင့် စိတ်ပါဝင်စားပြီး ကြိုးစားသင်ကြပါလို့ တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးမျိုးမင်းခိုင်မှ သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် ကျေးရွာ(၅) ရွာမှသင်တန်းသား/သူ (၁၅)ဦးကို သင်တန်းနည်းပြ (၂)ဦးက ဒီဇင်ဘာလ( ၆ )ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ (၅)ရက်တိတိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဦးမျိုးမြင့်နိုင်၊ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ရေးမှူး၊ ဦးအောင်ထိုက်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်း - သိန်းသိန်း(လောင်းလုံး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment