ထားဝယ်၊ ဒီဇင်ဘာ ၂၇
Southern Power Grid Co;Ltd က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲ-ဘန်းလမွတ်ဒေသရှိ မြန်နိုင်မြင့်ဆီအုန်းခြံနေရာတွင်တည်ဆောက်မည့် (၁၀) မဂ္ဂဝပ် Solar Power Plant လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ် ဆီသီးခိုင် (FBP) လောင်စာသုံး Biomass Thermal Power Plant (၂၆) မဂ္ဂါဝပ် အလတ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ MOA စာချုပ်နှင့် PPA စာချုပ် ချုပ်ဆိုနိုင်ရေးအတွက်တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့်စက်မူဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့်စာချုပ် (မူကြမ်း) များ စိစစ်ရေးကော်မတီသို့ လာရောက် ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားကို Solar Power Plant က တစ်နေရာတည်းက တစ်တိုင်းလုံးထုတ်လွှတ်မည်ဆိုပါက အခက်အခဲရှိနိုင်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး သည်မြေအနေအထားအရကမ်းရိုးတန်း ဒေသဖြစ်သည့်အတွက် ခရိုင်အလိုက် လျှပ်စစ်ဓာတ်အားရရှိရေးကို ဌာနဆိုင်ရာများအနေဖြင့် တတ်နိုင်သောဘက်က နည်းလမ်းများရှာဖွေပြီး အတိုင်းအတာတစ်ခုအထိရရှိအောင် ကြိုးစားဆောင်ရွက်ပေးစေ လိုကြောင်း၊ ကုမ္ပဏီအနေဖြင့် တနင်္သာရီမြို့နယ်သာမက မြို့နယ်နှင့်ဆက်စပ်နေသော မြိတ်နှင့်တနင်္သာရီ မြို့နယ်အကြားကျေးရွာများအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားလိုအပ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နည်းမျိုးစုံသုံး၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဓာတ်အားလိုင်းရောက်ရှိလာပါက တိုင်းဒေသကြီးတစ်တိုင်းလုံး လျှပ်စစ်ရရှိနိုင်သောကြောင့် တက်ရောက်လာသော ဌာနဆိုင်ရာများအနေဖြင့် လိုအပ်သောအကြံဉာဏ်များ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် Southern Power Grid Co;Ltd က MOA စာချုပ်နှင့်PPAစာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ နှင့်ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment