ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကျောင်းစုလျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းခွင် သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကျောင်းစုလျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းခွင် သွားရောက်ကြည့်ရှုစစ်ဆေး



MNP ၊ ဇန်နဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ ကျောင်းစု လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုး ရေခြွေတာရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၊ သီးနှံပုံစံများ ဖြန့်ဝေပေးရန်၊ တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲစိုက်ပျိုး နိုင်ရန်လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေး အစီအမံများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

စိုက်ပျိုးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သဘာဝရေအရင်းအမြစ်များကို စရိတ်သက်သာစွာ ရေရှည် အသုံးပြုနိုင်ရေးအတွက် အသုံးပြုလျက်ရှိနေသည့် လျှပ်စစ်မြစ်ရေတင် စီမံကိန်းများကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေတင်စီမံကိန်း(၇)ခု၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးရှိ ကျောင်းစုလျှပ်စစ် မြစ်ရေတင်စီမံကိန်း၊ မကွေးတိုင်းဒေသကြီးရှိ ကမ်းနီနှင့် ကံမလေး လျှပ်စစ်မြစ်ရေတင် စီမံကိန်းများ၌ ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးရှိ လက်ပံခြေပေါ်နှင့် ငါ့သရောက်၊ စစ်ကိုင်း တိုင်းဒေသကြီးရှိ ပျော့ရွာ အပိုင်း-၂(PS-II) ၊ အပိုင်း-၃(PS-III) နှင့် ကတ-၉၂ တို့မှာ ဖေဖေါ်ဝါရီလတွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ကြောင်း၊ ကျန်မြစ်ရေတင် စီမံကိန်းများ တွင်လည်း ဆိုလာစနစ်ဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရေးကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာ အနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားသော ရဲနွယ်ရေလှောင်တမံ၏ ကြံ့ခိုင်ရေးနှင့် သဘာဝဘေး ကာကွယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ဇန်နဝါရီ (၉)ရက် နံနက်ပိုင်းက တာချီလိတ် မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ သွားရောက်ကြပြီး ဝမ်ပုံဆိပ်ကမ်း ဒေသဖွံ့ဖြိုးရေးနှင့် မြေနေရာ ရရှိနိုင်မှု အခြေအနေ၊ အိမ်နီးချင်းနိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထွက်ကုန်များ ဝင်ထွက်ရာတွင် တည်ဆဲဥပဒေများ နှင့်အညီဖြစ်စေရေး၊ သီးနှံဆိုင်ရာ ပိုးမွှားရောဂါနှင့် တိရစ္ဆာန် ကူးစက်ရောဂါများ တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)