MNP ၊ ဇန်နဝါရီ ၃၀
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ (၂၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ကုန်ထုတ်စက္ကူစက်ရုံ၌ စတားစန္ဒာ ကုမ္ပဏီ၏ အထည်ချုပ်လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနနှင့် Korea Apparel Testing and Research Institute (KATRI) တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အထည်အလိပ်၊ အဝတ်အထည် ဆိုင်ရာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် Joint Venture (JV) အဖြစ် ဖက်စပ်အကျိုးတူ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ အထည်အလိပ်နှင့် အဝတ်အထည်စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရည်အသွေးထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်မည့် ချည်မျှင်နှင့် အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနသို့ ရောက်ရှိပြီး ဓာတ်ခွဲခန်း အဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် အထည်အလိပ်နှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးမည့် စက်ကိရိယာများ ရောက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စစ်ဆေးမည့်နည်းစဉ်အဆင့်ဆင့်ကို ရေးဆွဲသတ်မှတ်ထား ရန်နှင့် နိုင်ငံတကာအဆင့်မီ စစ်ဆေးစမ်းသပ်နိုင်ရေးအတွက် ဝန်ထမ်းများကို ကြိုတင်လေ့ကျင့် သင်ကြားပေးရန်နှင့် လုပ်ငန်းခွင်အတွင်း ပတ်ဝန်းကျင်ကောင်းဖြစ်အောင် စီမံဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၉)အထည်စက်ရုံခွဲ (အင်းစိန်)၌ ပါးစပ်နှင့် နှာခေါင်းစည်းများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ United Pacific Co., Ltd. ၏ OKI ဆပ်ပြာမှုန့်နှင့် ဆပ်ပြာခရင်(မ်)များ ထုတ်လုပ်နေမှုကိုလည်းကောင်း လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးပြီး နိုင်ငံပိုင် အဆောက်အဦ၊ မြေနေရာနှင့် စက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ လူနေထူထပ်သည့် မြို့ပြဧရိယာအတွင်းရှိ စက်ရုံများအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ Go Excellent (Myanmar) Co., Ltd. နှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ Myanmar ArrThit Man Motor Co., Ltd. တို့၏ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုကို အထောက်အကူပြု စက်ပစ္စည်းကိရိယာများဖြင့် စမ်းသပ်နေ မှု၊ တပ်ဆင်ထုတ်လုပ်ပြီး မော်တော်ယာဉ်များကို သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာ အသုံးပြုနိုင်ရေးအတွက် လမ်းအနေအထား အမျိုးမျိုးပေါ်တွင် စမ်းသပ်မောင်းနှင်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှုကောင်း/မကောင်းကို ပုံစံအမျိုးမျိုးနှင့် မြန်နှုန်းမြင့် စမ်းသပ်မောင်းနှင် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး အာမခံရှိသောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေးအာမခံသည့်စနစ် ထူထောင်ထားရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများအလိုက် အသိအမှတ်ပြုလက်မှတ်များ ရရှိအောင် စီမံပေးရမည်ဖြစ်ကြောင်း၊ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်မဖြစ်ပွားစေရေး အလေးထားဆောင် ရွက်ရန်၊ ပြည်ပမှတင်သွင်းသည့် အစိတ်အပိုင်းများကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေရုံဖြင့် ကျေနပ်မနေဘဲ အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာများရရှိအောင် ကြိုးစားဆောင်ရွက် ရန်၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် သတ်မှတ်ထားသည့် Check List များအတိုင်း တိတိကျကျ စစ်ဆေးရန် မှာကြားကာ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment