MNP - ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလမ်းမ တော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ လူမျိုးဘာသာမရွေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ လမ်းမတော်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသူများကိုလည်း နံနက်(၉)နာရီမှ မွန်းလွဲ (၂)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိသည်။
သတင်း - ကျော်ဆန်းမြင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment