MNP - ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျုံချင်ကျေးရွာအုပ်စု၊ ကျုံချင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လည်ပိုင်း တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားနိုင်၊ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးဝင်းကိုကိုတို့ က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လ နိုင်ငံတော်ထောက်ပံ့ငွေ (၁၀၀)သိန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ (၅)သိန်းဖြင့် အရှည် ၉၃၀ပေ၊ အကျယ် ၇ ပေ၊ ထု ၆ လက်မရှိ ကျုံချင်ကျေးရွာရှိ ကွန်ကရစ်လမ်းခင်းနေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်မှု ရှိ၊မရှိ စစ်ဆေးကြည့်ရှုခဲ့သည်။ အဆိုပါလမ်းသည် ကျုံချင်ကျေးရွာ၏ ရွာတွင်းလမ်းမကြီးဖြစ်ပြီး၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ လမ်းအရှည် ၈၀၀ပေအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက သိရသည်။
သတင်း - အေဇာလင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment