MNP - ဖေဖော်ဝါရီ ၈
(၇၅) နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ နန္ဒဝန် ရပ်ကွက်ရှိ ကတ္တရာလမ်း(၁)လမ်း၊ ကွန်ကရစ်လမ်း(၉)လမ်း၊ ကွန်ကရစ် တံတား (၁၁)စင်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့၏ လူဦးရေကို ကြည့်မည်ဆိုပါက ကျေးလက်နေလူဦးရေထက် မြို့ပြလူဦးရေကပိုမိုများပြားတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဒါကြောင့် မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးရန် လိုအပ်တာကိုလည်း တွေ့ရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နှင့်မြို့ပြ ကွာဟမှု နည်းပါးစေရေးနှင့် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းတစ်တိုင်း လုံးမှသည် တစ်နိုင်ငံလုံးအေးချမ်းသာယာပြီး ခောတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် တစ်ရပ် ထူထောင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လက်တွဲညီညီပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ် လမ်း - ၉ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၉ လမ်း၊ ကွန်ကရစ်တံတား -၁၁ စင်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆို ပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း- ၉ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်းတို့အား ကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ဖွင့် သည့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်းရှိ ကတ္တရာလမ်း - ၁ လမ်း အရှည်၊ ၁၈၈၀ ပေ၊ အကျယ် - ၁၆ ပေ၊ ကွန်ကရစ်လမ်း - ၉ လမ်း စုစုပေါင်းလမ်းအရှည် - ၉၀၆၀ ပေ၊ အကျယ် - ၁၆ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းများ ဖြစ်ပြီး၊ ရေစီးရေလာကောင်းမွန်ရေး အတွက် အကျယ် - ၃၀ ပေ၊ အနံ - ၄ ပေ၊ အမြင့်- ၄ ပေရှိ ကွန်ကရစ်တံတား - ၁၁ စင်းတို့အား ဖွင့်လှစ်ခြင်းဖြစ်ပြီး ဌာန ဆိုင်ရာရုံးပေါင်း - ၄၇ ရုံးနှင့် ဝန်ထမ်း အိမ်ရာများ၊ ရပ်ကွက်နေ ပြည်သူစုစုပေါင်း - (၂၂၂၂၉၅) ဦးအား အကျိုးများစွာပြုမည့် လမ်း ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နန္ဒဝန်၊ ဝန်ထမ်း အိမ်ရာအတွင်းရှိ (၁၀၀၀)လီတာဆံ့ ရေသန့်စက်ရုံ(၃)ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးက ရေသန့်စက်ရုံ (၃)ရုံ အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦး တို့က ရေသန့်စက်ရုံ (၃)ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ရေသန်စက်ရုံ အမှတ်(၁-၂-၃)တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ နန္ဒဝန်၊ ဝန်ထမ်းအိမ်ရာအတွင်းရှိ ရေသန့်စက်ရုံ အမှတ်(၁-၂-၃)တို့သည် ဝန်ထမ်း မိသားစု စုစုပေါင်း (၆၄၈)ဦးနှင့် လူပျို/အပျို (၃၅၆)ဦးတို့အတွက် စက်ရုံ(၁)ရုံလျှင် (၁)နာရီ (၃၀၀)လီတာ၊ ရေသန့် ဘူးကြီး (၁၅၀)လုံး ဖြန့်ဝေနိုင်မှာဖြစ်ပြီး ဝန်ထမ်းအိမ်ရာဝင်း တစ်ခုလုံး (၁)ရက်လျှင် ရေသန့်ဘူးကြီး (၄၅၀)လုံး အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၇)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာခရိုင်၊ ဘုတလင်မြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ လူမူမိဒိယာများတွင် ဝန်ထမ်းများနှင့် ပတ်သက်၍ မဟုတ်မမှန်ပြောဆိုနေမှုများ၊ အကြောက်တရား ဖြစ်ပေါ်အောင် ခြိမ်းခြောက် လုပ်ဆောင် နေမှုများ၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေးနှင့် ဒေသတည်ငြိမ် အေးချမ်း ရေး ဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များမှ ဘုတလင်မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ မြို့သန့်ရှင်း သပ်ယပ် သာယာရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း ပြောကြားပြီး ဘုတလင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဘုတလင်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့် အောင်မြင်အောင် ထိုးနှံနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဘုတလင်မြို့၊ ကြောင်ပန်းတောရကျောင်းတိုက်၊ ဆရာတော်ကြီးထံ ဝတ္တုငွေ၊ လှူဘွယ် ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သတင်း ရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com

No comments:
Post a Comment