မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်

 



MNP - ဖေဖော်ဝါရီ    ၂၂

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှကြီးမှူး၍ တိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် အထက်တန်းကျောင်းအုပ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး  ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် “ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာရေးစနစ်သစ် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြုစုပြီး ကျောင်းသား/သူများအား နိုင်ငံသားကောင်းဖြစ်ရေး၊ ကာယဉာဏ ဘက်စုံဟန်ချက် ညီဖွံ့ဖြိုးရေးအတွက် သင်ကြားပို့ချနေသလို တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းကိုလည်း နှစ်စဉ်တိုးတက်မှုရရှိအောင် ကျိုးပမ်းနေရန်လိုအပ်ပါကြောင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အား မတ်လ(၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအနေဖြင့် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ဦးရေ(၂၂၁၄၂)ဦးရှိသည်ကို သိရကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အောင်ချက်မြင့်မားရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ကြသည်ဟုဆိုရာတွင် စာသင်ကျောင်းများမှ ဖြေဆိုမည့် ကျောင်းသား/သူများအပြင် ပြင်ပက ဖြေဆိုမည့် ကျောင်းသား/သူများအတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စာမေးပွဲလုပ်ငန်းတာဝန် သည် ပညာရေးဌာန၏ အရေးကြီးသော လုပ်ငန်းတာဝန် ဖြစ်သည့်အတွက် စာမေးပွဲတာဝန်ထမ်းဆောင်ကြသူများအားလုံးသည် မိမိထမ်းဆောင်ရမည့် တာဝန်များကို ဌာနဆိုင်ရာစည်းကမ်း၊ မြန်မာနိုင်ငံစာစစ်ဌာန၏ ညွှန်ကြားချက်၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်း‌ဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်လေးဦးက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနိုင်ရေးအတွက် စာဖြေဌာနများ ဆောင်ရွက်ထားရှိမည့် အခြေအနေ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားကိုး တက်ရောက်လာကြသည့် တက္ကသိုလ်များရှိ ပါမောက္ခဌာနမှူးများ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် အထက်ကျောင်းအုပ် ဆရာ/ဆရာမများက တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍  အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စားမေးပွဲတွင် မကွေးတိုင်းဒေသကြီး အနေဖြင့် မြို့နယ်(၂၄)မြို့နယ်တွင် စာ‌ဖြေဌာနပေါင်း(၇၉)ခုဖြင့် ကျင်းပသွား မည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ အနေဖြင့် (၂၂၁၄၂)ဦးရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။ 

သတင်း - ကိုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)