ခေတ်အဆက်ဆက် ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေနဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ်အဆက်ဆက် ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေနဲ့



မနေ့က မဲလ်ဘုန်းမြို့ထဲမှာရှိတဲ့ သူရဲကောင်းတွေအတွက်အောက်မေ့ဖွယ်ဂူဗိမာန်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီရောက်တော့ အဖိုးကြီးတစ်ယောက်က လိုက်ရှင်းပြတော့ ခင်ဗျားက စစ်သားဟောင်းကြီးလား ဆိုတော့ ကျနော်စစ်မှု မထမ်းဖူးပါဘူးတဲ့။ ကျနော့်အဖိုးနဲ့ အဖေကတော့ စစ်မှုထမ်းဟောင်းတွေပါ။ ကျနော်ကတော့ ဒီမှာစေတနာ့ဝန်ထမ်းပြီး လာလုပ်နေတာပါတဲ့။

သူ့အဖိုးနဲ့ သူ့အဖေတွေ ရထားတဲ့ တံဆိပ်ပေါင်းစုံကို ရင်ဘတ်မှာထိုးထားပြီး စစ်သားသားသမီးဖြစ်ရတာ အတော်ဂုဏ်ယူနေတဲ့ ပုံလည်းပေါက်ပါတယ်။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ နောက်ဆုံး အာဖဂန်မှာ သြစတြေးလျစစ်တပ်ပါဝင်ခဲ့ ပုံတွေ သမိုင်းကြောင်းမှတ်တမ်းအချို့ကို အဲ့ဒီမှာကြည့်ရသလောက် ကင်ဘာရာ စစ်သမိုင်းပြတိုက်မှာ ကြည့်ရသလောက်မစုံပေမဲ့ အသက်ပေးသွားခဲ့ကျတဲ့စစ်သည်တွေအပေါ် ဂုဏ်ပြုမှတ်တမ်းပြု အလေးမြတ်ထားကြတာကတော့ ဘယ်တော့မှမလျော့တဲ့ တန်ဖိုးထားမှုတွေကိုတွေ့ရပါတယ်။

အဲ့ဒီဗိမာန်က အပြန် ရင်ထဲမှာစိတ်မကောင်းစရာကျန်ခဲ့ပြီး ကိုယ့်အမိမြေက စစ်တပ်နဲ့ ပြည်သူအချို့ကြားက လတ်တလော အာဃာတတွေ............

တစ်ချိန်တုန်းက ပေးဆပ်ခဲ့ကြတဲ့ စစ်တပ်ရဲ့သမိုင်း၊ လွပ်လပ်ရေးတိုက်ပွဲ၊ ဖက်ဆစ်ဂျပန်နဲ့တိုက်ပွဲ၊ ဗကပ၊ တရုတ်ဖြူတို့နဲ့တိုက်ပွဲ၊ အင်းစိန်တိုက်ပွဲ အစရှိသဖြင့် တိုင်းပြည်အတွက် အသက်ပေးခဲ့ကြ၊ ပေးဆပ်ခဲ့ကြတာတွေ မြောင်းထဲရောက်ပြီး 

နိုင်ငံရေးပဋိပက္ခ တွေထဲ၊ ကျဉ်မြောင်းတဲ့အယူဆတွေထဲ တပ်မတော်မုန်းတီးရေး ပြောပြီး နိုင်ငံရေးထဲ အသုံးချစရာ လုပ်လိုက်ကြတာ ဒီနေ့နိုင်ငံရေးအခင်းကျင်းကြည့်ရင် စိတ်မကောင်းစရာဖြစ်ရပ်တွေပါ။


ခေတ်အဆက်ဆက် ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေနဲ့ တပ်မတော်ခေါင်းဆောင်အချို့ကိုပဲ အပစ်တင်ရမှာဖြစ်ပါတယ်။ လူမှုကွန်ယက်က နာမည်ကြီးတွေက စကားလုံးလှလှလေးတွေနဲ့ တပ်မတော်မုန်းတီးအောင် လုပ်ပစ်လိုက်ကြတာ တပ်မတော်နဲ့ဝေးဝေးနေတဲ့သူတွေ ထက်ပိုဆိုးတာက တစ်ချိန်ကတပ်မတော်ရဲ့ ဘားတိုက်ထဲမှာ တပ်ကကိုယ့်အဖေရတဲ့ရိက္ခာ ကုလားပဲကိုစား၊ တပ်ထဲကစိုက်တဲ့အသီးနှံတွေစား၊ တပ်ကဆေးခန်းမှာကု၊ တပ်ကကျောင်းကားနဲ့ ကျောင်းတက်ပြီး ပညာတတ်ကြီးတွေဖြစ်လာကြပြီး ကံကောင်းလို့အနောက်နိုင်ငံတွေရောက်ကြ? အများယောင်လို့ လက်သုံးချောင်းထောင်ရုံတင်မက ဘာမဟုတ်တဲ့ အပျက်မသာသာက စစ်ခွေးလို့ရေးပြီး အောက်တန်းကျနေတဲ့အောက်မှာ ဟားဟားဟီးဟီး ဟီလာသွားတိုက်ရုံတင်မက စစ်ခွေးဆိုပြီး သွားလုပ်နေကြတော့ ကိုယ့်အဖေကို ခွေးနဲ့နှိုင်းနေကျတဲ့ အသားထလောက်ထွက်နေကြတဲ့ တိုင်းပြည်ရဲ့ စစ်တပ်တစ်တပ်အတွက် တကယ့်ရင်လေးစရာဖြစ်ရပ်ပါ။


တစ်ဖက်ကကြည့်တော့လည်း..........

စစ်ဗိုလ်တိုက်ဆောက် စစ်သားဂျိုင်းထောက်ဆိုတာကလည်း တစ်ကယ့်ပကတိအခြေနေကို အတန်သင့်ထင်ဟပ်နေပါတယ်။ ဗိုလ်ချုပ်အကြီးကြီးတွေရဲ့ အတွင်းစည်းဝိုင်းထဲက လက်သင့်ရာစားတော်ခေါ်ပြီး ဂွင်တည့်တဲ့သူကတည့်ပြီး ထားစရာမရှိလောက်အောင် ဆွေစဉ်ခုနှစ်ဆက် ကျိကျိတ်ကချမ်းသာကြ။ ဂွင်မတည့်တဲ့သူကတော့ ဗိုလ်ချုပ်လောက်ဖြစ်ခဲ့တဲ့သူတောင် မျက်နှာငယ်ရတဲ့ တပ်မတော်။


တိုင်းပြည်ရဲ့ ဗိုလ်ချုပ်တစ်ယောက်ဟာ သူ့အဆင့်တန်းနဲ့ထိုက်သင့်တဲ့ အဆောင်ယောင်ရှိရမှာဖြစ်သလို တိုက်တစ်လုံးနှစ်လုံးလောက်ရှိတာ အပစ်မဆိုသာပေမဲ့ ရန်ကုန်လိုတစ်မြို့ထဲမှာတောင် တိုက်ဆယ်လုံးလောက် ပိုင်ဆိုင်ခဲ့တယ်ဆိုတာကတော့ လွန်လွန်းအားကြီးပြီး ဒေါနတောင်တန်းမှာ ခြေတစ်ဖက်ပြတ်ကျန်ခဲ့ပြီး ရတဲ့ပင်စင်လစာလေးနဲ့ မလောက်မငစားသောက်နေရပြီး ကိုယ့်သားသမီးကျောင်းကောင်းကောင်း မထားနိုင်တဲ့ စစ်ဗိုလ်ငယ်လေးတစ်ယောက်ရဲ့ရင်ထဲလည်း

ဝင်ခံစားကြည့်သင့်တဲ့အရာဆိုတာ ဗိုလ်ချုပ်ကြီးငယ်တွေ သိထားသင့်ပါတယ်။


တိုင်းပြည်ကို ကာကွယ်ဖို့အတွက် အသက်ပေးရပစေဆိုပြီး တပ်မတော်ထဲဝင်ခဲ့တာကွလို့ ဂုဏ်ယူပြောတဲ့ခေတ်ကုန်သွားပြီ။ ဂွင်တည့်ပြီး ချမ်းသာမလားလို့ စစ်တပ်ထဲဝင်ခဲ့ကျသလား အောက်မေ့ရလောက်အောင် အရင်က စစ်ပြေးဆိုတာရဲဘော်လောက်သာ ပြေးတဲ့တပ်မတော်ဟာ ဒေါ်စိန်အေးကျောင်းထွက် စစ်ဗိုလ်သေးသေးက အစ ဗိုလ်မှုးကြီးအထိ ထောင်အကျခံပြီးပါ တပ်ပြေးတွေများနေတဲ့ တပ်မတော်အကြောင်းကြားတော့ တော်တော်လေးအံ့သြရမဲ့ တပ်မတော်ပါ။


တပ်ပြေး စစ်ဗိုလ်တွေဘက်က ကြည့်တော့လည်း ငါတို့ကတော့ အသေခံပြီးရှေ့တန်းမှာချ။ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နီးစပ်တဲ့ အသိုင်းဝိုင်းကတော့ အနေအစားမပျက် ကျိကျိတက်တက်တွေ ချမ်းသာနေကျတော့ ယီးမှအသေမခံဘူးကွ ဆိုတာတွေဖြစ်လာကျတာပေါ့။


တစ်ကယ်တော့အားလုံးကိုပြောရမယ်ဆို ပြောစရာတွေကတော့ အများကြီး ပြောမဆုံးပေါင်...

တကယ့်အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ တပ်မတော်ကို ခေတ်မှီတဲ့ တပ်မတော်ဖြစ်အောင်ပြုပြင် ရမယ်ဆိုတာ နားလည်သဘောပေါက်သင့်ပါတယ်။ ခုတလော ပြောနေကျတဲ့ စစ်မှုမထမ်းမနေရဆိုတာကို လုပ်ပြီး လူငယ်တွေကိုတိုင်းပြည်ချစ်ရမဲ့စိတ်နဲ့၊ အမျိုးချစ်ရမဲ့စိတ်တွေကို သွပ်သွင်းပြီး လုပ်ရမဲ့စီမံကိန်းတွေ ရှိဖို့လိုသလို နိုင်ငံတကာမှာလုပ်သလို စစ်တပ်ထဲဝင်ရင် လုံလောက်တဲ့လစာ လူမှုဖူလုံရေးအတွက် အာမခံချက်တွေ ပေးရမှာဖြစ်သလို ခေါင်းပုံဖြတ်ပြီးအထက်အောက်အရမ်းမညီမျှဘဲ ကွာဟနေတဲ့ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။


တကယ်တော့ဗျာ... တစ်ချိန်ကကျနော့်အတွေးထဲ ဒီလိုပြုပြင်ပြောင်းလည်းဖို့ လိုနေတဲ့တပ်မတော် လူမှုအသိုင်းဝိုင်းကြီးတစ်ခုလုံးကလည်း လိုအပ်တဲ့ တိုင်းပြည်ချစ်စိတ်နဲ့ စိတ်နေစိတ်ထားတွေ ငါတို့တစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ တိုင်းရင်းသားတွေနဲ့လည်း သာတူညီမျှ ရှိရမှာတွေ ဒါတွေ ဒါတွေအားလုံးကို တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အမြော်အမြင်ကြီးကြီးနဲ့ တစ်ဖက်ကိုတစ်ဖက် ကူညီပေးရင်း တပ်မတော်ပြုပြင်ပြောင်းလဲရေးအတွက် အရပ်ဖက်က သူတို့စိုးရိမ်မှုတွေအပေါ်နားလည်ပေးလိုက် ကူညီပေးရင်း တပ်မတော်ဖက်ကလည်း အရပ်ဖက်က ဒီမိုကရေစီဖော်ဆောင်ရေး တိုင်းရင်းသားအရေးတွေအတွက် ဝိုင်းကူညီပေးကြရင် ဒီတိုင်းပြည်ကောင်းပြီလို့ ထင်ခဲ့တာတွေဟာ သာဝရယ်ဘာရမလဲ။ 


ကျုပ်မလုပ်ရဲတာဘာမှမရှိဘူး ... စသဖြင့် စသဖြင့်တွေနဲ့ အဆိုးတစ်ကျော့ ပြန်မျက်ရည်တွေလည်ခဲ့ကြတဲ့ ဒီတိုင်းပြည်ကြီးမှာ တိုင်းသူပြည်သားအားလုံးက အလေးမြတ်ထားကြတဲ့ ခုကျနော်လေ့လာပြီးပြန်လာတဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းအပေါင်းအတွက် အများသူငါလေးစားဂုဏ်ပြုပေးမဲ့ ဗိမာန်တစ်ခုလို

ပေါ်လာအောင်လုပ်ကျဖို့ကတော့ သာဝနဲ့ ရွှေမိ နှစ်ယောက်တည်းပိုင်တဲ့ တိုင်းပြည်မဟုတ်ဘဲ လက်ရှိနဲ့ နောင်လာမဲ့ အရပ်ဖက် စစ်ဖက်ခေါင်းဆောင်များရဲ့ လက်ထဲမှာပါလို့တွေးရင်း .....


ကိုချစ်ကိုကို

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)