MNP - မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးကြေညာချက် (၁/၂၀၂၂) ကို မြို့နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်၊ အသိပေးကြေညာခြင်းကို ယမနန်နေ့ညနေ (၄) နာရီခွဲမှ စတင်၍ မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူပြင်းခြောက်သွေ့သော နွေရာသီကိုရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးမဆင်မခြင်သုံးစွဲမှု၊ ပေါ့ဆမှုတို့ကြောင့် မီးဘေးအန္တရာယ်ဆိုးကြီးများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းကို ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၏ ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မြို့တွင်းအဓိကလမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အဆိုပါ သတိပေးကြေညာချက် (၁/၂၀၂၂) တွင် အိမ်ထောင်စုတိုင်းတွင် မီးဘေးကြိုတင် တားဆီး ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မီးသုံးစွဲမှုသတ်မှတ်ချိန်များ၊ နေအိမ်တိုင်းတွင် ခိုင်ခန့်သောမီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများနှင့် လှေကားထားရှိရေး၊ မီးလောင်လွယ်သော ဝါးကပ်ထရံ၊ ဝါးတို့ဖြင့် အမိုးအကာခင်းထားသော နေအိမ်များတွင် မီးဖိုအား မြေကျင်းတူးအသုံးပြုရန်၊ မီးသုံးစွဲပြီးပါက မီးကျွင်းမီးကျန်များကို စနစ်တကျ အပြီးသတ် ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ကြရန် စသည်ဖြင့် အချက် (၁၈) ချက်ပါရှိကြောင်း သိရသည်။
အဆိုပါ သတိပေးကြေညာချက်များအား လိုက်နာခြင်း ရှိ/မရှိကို မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက မီးသတ်တပ်ဖွဲ့ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ အိမ်၊ ရပ်ကွက်နှင့် အနီးဝန်းကျင်တွင် မီးလောင်မှု မီးလန့်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီး ဌာနသို့ ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
သတင်း - နေအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment