MNP - မတ် ၂၉
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် စာစစ်ဌာနဖွင့်လှစ်ထားရှိသော ကျောင်းများသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းခိုင်၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျောင်းဝင်းအတွင်း မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ် မီးကပ်၊ သဲကန်၊ ရေကန်များ ထားရှိမှုအခြေအနေ၊ လျှပ်စစ်ဝါယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများအခြေအနေ၊ လုံခြုံရေးချထားမည့် နေရာများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၁၅ ခု ဖွင့်လှစ်ထားရှိပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄၄ဝ ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ ၁၂၇၆ ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။ တောင်ကြီးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း ၁၅ ကျောင်းမှ စာစစ်ဌာန (၁၅)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ ၃၇၁၆ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းသန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment