မြန်မာ့ပင်လယ်ပြင်တွင် ရေသယံဇာတထုတ်ယူနိုင်သည့် ပမာဏထက် ပိုမိုထုတ်ယူသုံးစွဲနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ သတိထားကိုင်တွယ်နေရဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ပင်လယ်ပြင်တွင် ရေသယံဇာတထုတ်ယူနိုင်သည့် ပမာဏထက် ပိုမိုထုတ်ယူသုံးစွဲနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ သတိထားကိုင်တွယ်နေရဟုဆို



MNP - မတ်   ၁၄

မြန်မာ့ပင်လယ်တွင် ရေသယံဇာတများ ထုတ်ယူနိုင်သည့် ပမာဏထက် ပိုမိုထုတ်ယူသုံးစွဲနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိများက သတိထားကိုင်တွယ်နေရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်းရှိ သယံဇာတများဖြစ်သော ငါး၊ ပုစွန်နှင့် အခြား ရေသတ္တဝါများကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများ ရှိခဲ့သည့်အတွက် နှစ်ပေါင်း(၄၀)ခန့်အတွင်း ရေသယံဇာတ ရှားပါးလာခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့ပင်လယ်မှာ ၁၉၇၉ ခုနှစ်က တိုင်းထွာခဲ့တဲ့ရလဒ်အရဆိုရင် တန်ချိန်အားဖြင့် (၇)သိန်းခွဲလောက် တည်ရှိခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်က ပြန်လည်တိုင်းထွာခဲ့တဲ့ ရလဒ်အရဆိုရင်တော့ တန်ချိန် (၃)သိန်း(၁)သောင်းလောက်ပဲ ရှိတော့တာတွေ့ရပါတယ်။ ရေအောက်လွှာအနေနှင့်ဆိုရင် (၆၀)ရာခိုင်နှုန်းလောက် လျော့နည်းသွားတာတွေ့ရတယ်။ ရေပေါ်အလွှာအနေနှင့်ဆိုရင် ၁၉၇၉ ခုနှစ်က တိုင်းထွာခဲ့တာ တန်ချိန်တစ်သန်း (၁၀ သိန်း)လောက်ရှိခဲ့တယ်။ အခု ၂၀၁၈ ခုနှစ် ပြန်လည်တိုင်းတာခဲ့တဲ့အခါမှတော့ တစ်သိန်းခြောက်သောင်းလောက်ပဲ ရှိတော့တယ်။ သယံဇာတတည်ရှိမှုအနေနှင့်ဆိုရင် (၈၀)ရာခိုင်နှုန်းလောက်ကို လျော့နည်းသွားပါတယ်။ ယခုလက်ရှိတည်ရှိနေတဲ့ သယံဇာတကို ထုတ်ယူသုံးစွဲမယ်ဆိုရင် ဘယ်လောက်ပမာဏပဲ ထုတ်ယူသုံးစွဲသင့်တယ်ဆိုတဲ့ MSY တွက်တာမျိုးရှိပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

ရေသယံဇာတများကို ထုတ်ယူသုံးစွဲနိုင်သည့်ပမာဏထက် ကျော်လွန်ပြီး သုံးစွဲနေသည့်အတွက် ရေအောက်သယံဇာတ (၆၀)ရာခိုင်နှုန်းနှင့် ရေပေါ်သယံဇာတ (၈၀)ရာခိုင်နှုန်း ပြုန်းတီးသွားခဲ့ကြောင်းနှင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေသယံဇာများတည်ရှိနေမှုကို သုတေသန (၃)ကြိမ်ပြုလုပ်ခဲ့ပြီး ရေပေါ်ရေအောက်များတွင် ထုတ်ယူနိုင်သည့်ပမာဏထက် ပိုမိုထုတ်ယူနေကြသည့်အတွက် နိုင်ငံတကာမှ သတိပေးထားမှုများရှိခဲ့ကြောင်း သိရသည်။

“လိုင်စင်အသစ်ထုတ်ပေးတာ မရှိပါဘူး။ ဘာဖြစ်လိုလည်းဆိုတော့ ထုတ်ယူနိုင်တဲ့ပမာဏထက် ဖမ်းဆီးတဲ့ပမာဏက ပိုများနေပါတယ်။ ဒါကြောင့် ကျွန်တော်တိုက သတိထားပြီးသွားနေရပါတယ်။ ဒါပေမယ့် လိုင်စင်အဟောင်းကိုလည်း ပယ်ဖျက်နိုင်တဲ့အခြေအနေမှာ မရှိဘူး။ အဟောင်းကိုပဲ သက်တမ်းတိုးတာတွေ လုပ်ပေးနေရပါတယ်။ အသစ်ထုတ်ပေးတာမျိုး လုံးဝမရှိပါဘူး” ဟု မြိတ်ခရိုင် ငါးဦးစီးမှူး ဦးဇော်မင်းဦးက ဆက်လက်ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေသယံဇာတများကို ထိုင်းနိုင်ငံ၊ ရနှောင်းမြို ငါးဈေးကွက်သို ခေတ်အဆက်ဆက် တင်ပိုရောင်းချနေရပြီး တိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်းလှေအစီးရေ (၁၅၀၀)ကျော်ရှိကာ မြိတ်ခရိုင်တွင် လိုင်စင်ပြုလုပ်ထားသည့် ကမ်းနီးငါးဖမ်းအစီးရေ (၆၀၀၀)ကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သတင်း - မြင့်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)