MNP - မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများ သိရှိစေရန်အတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည်နှိုးဆော်ရာတွင် (၂၂-၃-၂၀၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၇)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေရှိပြီး အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မြစ်ငယ်ချောင်းငယ်များတွင် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ် နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် အချက်များနှင့် မြန်မာ့ကမ်း ရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ရေယာဉ်လှိုင်းများနှင့် သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုကြရန်အတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွနေရာများ၊ လူစည်ကားရာနေရာများနှင့် ဘုတ်ဆိပ်၊ စက်လှေဆိပ်များ၌ မုန်တိုင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်မောင်ထွန်း
မြန်မာနေရှင်နယ်ပိုစ့်

No comments:
Post a Comment