ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ချီဖွေနှင့် ပန်ဝါနယ်စပ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ချီဖွေနှင့် ပန်ဝါနယ်စပ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်





MNP ၊ မတ် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ရှိရာ ပန်ဝါမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မတ် ၁၂ ရက်တွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ချီဖွေမြို့အဝင် ချီဖွေငယ်ရေ အားလျှပ်စစ် စက်ရုံ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအ နေများနှင့် ပတ်သက်၍ SPIC ကုမ္ပဏီ မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို သိရှိလို သည်များ မေးမြန်းဆောင်ရွက်ခဲ့ကြပြီး စက်ရုံလည်ပတ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ချီဖွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥက္ကပ်ရပ်ကွက် ဥက္ကပ်ဇပ်လမ်း အရှည်ပေ ၁၆၀ ကို ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးက ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ‌ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် မြို့နယ်အတွင်း စီမံဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ဘာလဲ့ရပ်ကွက်နှင့် ရစ်လော်ရပ်ကွက်ချင်းဆက်လမ်း ရစ်ဇော်လမ်း အရှည်ပေ ၁၀၀၀ ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ချီဖွေမြို့အထက် ၁၅ မိုင်ရှိ ချီဖွေငယ် ရေအားလျှပ်စစ်အတွက် ဆောင်ရွက်ထားရှိသည့် ရေကာတာအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေကာတာ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေး နွေးခဲ့ကြသည်။


ယင်းနောက် မတ် ၁၃ ရက်တွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပန်ဝါမြို့ရှိ အမှတ် (၂)သတ္တု တူးဖော်ရေး လုပ်ကွက်များနှင့် လုပိကျေးရွာရှိ သတ္တုတူးဖော်ရေး လုပ်ကွက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်များ ထိခိုက် ပျက်ဆီးမှုမရှိစေရေးနှင့် လုပ်ကွက်ဟောင်းများတွင် သစ်ပင်များပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဗဟိုကုန်သွယ်ရေးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့်တွေ့ဆုံကာ ပန်ဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက် ပေးသွားမည့် လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် အမှတ်(၂)ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ‌ဆောင်ရွက်နိုင်မည့် အရှည်ပေ ၉၀၀ ရှိ မီးသတ်ရုံးလမ်း (မြို့ရှောင်လမ်း) ခင်းကျင်း ဆောင်ရွက်နိုင်ရေး၊ သောက်သုံး ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းနှင့် ရေစုကန်ပြုလုပ်၍ ရေပေးဝေရေးဆောင်ရွက်သွားမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)