MNP - မတ် ၁၂
၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ထုံးအိုင်ကျေးရွာ၊ ကော့သံခါကျေးရွာနှင့် မိန်းမလှကျွန်း ကျေးရွာများမှ စိုက်ဧကပေါင်း (၁၅၀၀)ကျော်ကို အကျိုးပြုနိုင်သည့် ထုံးအိုင်-ကော့သံခါ ကုန်ထုတ်လမ်းဖွင့်ပွဲကို မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့် အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ထုံးအိုင်၊ မိန်းမလှကျွန်းနှင့် ကော့သံခါကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခင်မူလ ကုန်ထုတ်လမ်းမှာ မိုးရာသီတွင် ရေလွှမ်းမိုးသဖြင့် ထုတ်ကုန်များ အလွယ်တကူ သယ်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ( ၁၅၅ ဒသမ ၀၆၄ ) သန်းဖြင့် လမ်းအရှည် ၂ မိုင် ၄ ဖာလုံတွင် Box Culvert ၃ စင်း ထည့်သွင်းတည်ဆောက်၍ ဂဝံလမ်းသားမြှင့်တင်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာသူ/သားများ၏ ကုန်စည်ပို့ဆောင် ရောင်းဝယ်ရာတွင် သွာလာရေးလွယ်ကူခြင်းနှင့်အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးအစရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကျေးရွာရှိ စိုက်ပျိုးတောင်သူများအတွက် ထုတ်ကုန်များသယ်ယူရာတွင် လျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ကာ စိုက်ပျိုးဧကပေါင်း (၁၅၀၀)ကျော်အတွက် များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း၊ တည်ဆောက်ပြီး လမ်း၊ တံတားများ ပျက်စီးမှု မရှိအောင် ကျေးရွာသူ/သားများက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကရင်ပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူးက ကုန်ထုတ် လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော့သံခါကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်တို့က ထုံးအိုင်-ကော့သံခါကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့သံခါတိုက်ကျောင်း ဆရာတော် ဥူးဥတ္တမနန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ထုံးအိုင်-ကော့သံခါ ကုန်ထုတ်လမ်းအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်း သင်တန်းဖွင့်ပွဲနှင့် အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ် သင်တန်း၊ အမျိုးသား ဆံပင်ညှပ်သင်တန်း များဆင်းပွဲကို မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ အစိုးရ နည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲနှင့်ဆင်းပွဲများတွင် ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးက ကလေး သူငယ်များသည် နောင်တစ်ချိန် တိုင်းပြည်မှအားကိုးအားထားရမည့်သူများဖြစ်၍ ငယ်ရွယ်စဉ်ကပင် ပညာရပ်များကို လေ့လာဆည်းပူး ရမည်ဖြစ်ကြောင်း၊ ယနေ့သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများနှင့် သင်တန်းဆင်းကြမည့် သင်တန်း သား/သူများသည် အသက်(၁၄)နှစ်မှ (၁၈)နှစ်အရွယ်များ ဖြစ်ကြပြီး သက်မွေးပညာရပ်များကို ကြိုးကြိုးစားစားသင်ယူ တတ်မြောက် ပြီးစီးသွားသည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူပါကြောင်း၊ သင်ယူလေ့လာပြီးသည့် ပညာရပ်များကို ရပ်မထားဘဲ အစဉ်လေ့လာသင်ယူစေလိုပြီး လက်တွေ့အသုံးချခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိဒေသအကျိုး မိမိရပ်ရွာ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစိုးရနည်းပညာအထက်တန်ကျောင်း (ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ နန်းမိုးမိုးကြည်က အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆင်း သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းဆင်းလက်မှတ် နှင့်သင်တန်းထူးချွန်ဆုများ ကိုပေးအပ်ချီမြှင့်ပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က သင်တန်းနည်းပြဆရာ၊ ဆရာမများ အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
သင်တန်းဖွင့်ပွဲနှင့် ဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်း စာတွေ့လက်တွေ့ သင်ကြား နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment