အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကျင်းပ



MNP ၊ မတ် ၁၁ 

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။ 


အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။ 


ရှေးဦးစွာ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများက နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ 


အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက ဆောင်ရွက်တော်မူသည်။ 


ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး ၈၀ ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေညာသည်။ 


ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များက “သာသနဿ စလောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော (၂)ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။ 


ယင်းနောက် အစည်းအဝေးကျင်းပမည့် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂) ၂၀၂၂ ခုနှစ်၊ မတ်လ (၁၁၊ ၁၂၊ ၁၃)ရက်များအတွက် အစည်းအဝေး အစီအစဉ်ကို အကြမ်းဖျင်း လျှောက်ထားပြီး အစည်းအဝေးကြီး၏ အတည်ပြုချက်ကို ရယူသည်။ 


ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က ယနေ့ဖြန့်ဝေ ဆက်ကပ်ထားသော အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒကထာများကို နာယူကြသည်။



ယင်းနောက် အစည်းအဝေးသဘာပတိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။ (ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်၏ သာရဏီယ သြဝါဒကထာကို သီးခြားဖော်ပြထားပါသည်။) 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ 


ဆက်လက်၍ ၁၃၈၁ ခုနှစ်၊ တပေါင်းလမှ ယနေ့အထိ ကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် တိပိဋကဓရ၊ တိပိဋက ကောဝိဒတိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်တို့အတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်သည်။ 


ယင်းနောက် အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်များနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြုချက် ရယူသည်။ 


၁၃၈၁ ခုနှစ်၊ တပေါင်းလမှ ယနေ့အထိကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တင်သွင်းလျှောက်ထားပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။ 


မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များက တင်ပြလာသော အကြံဉာဏ်များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက ရှင်းလင်းပြန်ကြား လျှောက်ထားသည်။ 


ယင်းနောက် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာများဖြစ်သည့် ဝိနိစ္ဆယရေးရာ အစီအရင်ခံစာကို အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဘဒ္ဒန္တနာဂိတ ဆရာတော်က လည်းကောင်း၊ သာသနာရေးရာ အစီရင်ခံစာကို အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တပညာဝံသ ဆရာတော်က လည်းကောင်း၊ ပညာရေးရာ အစီရင်ခံစာကို အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဝိစက္ခဏာ လင်္ကာရာဘိဝံသ ဆရာတော်က လည်းကောင်း ဖတ်ကြားတင်သွင်းပြီး အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး အစီအစဉ်များကို ရပ်နားသည်။ 


ယနေ့အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင်ဇနီး ဒေါ်ပါးပါး၊ စန္ဒီပရဆေး မိသားစု အမှတ် ၂၄၀၊ ကုန်ဈေးတန်းလမ်းမှ ဆက်ကပ်လှူဒါန်းသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)