MNP - မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မြဝတီရပ်ကွက် အရန်မီးသတ်တပ် ဖွဲ့စခန်းသို့ မီးသတ်ယာဉ်နှင့် မီးသတ်ဝတ်စုံများ ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက မြဝတီ ရပ်ကွက် မြို့ပတ်လမ်းရှိ အရန်မီးသတ် စခန်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်က မီးသတ်ကားတစ်စီး (ယာယီ) လွှဲပြောင်းခြင်းနှင့် မီးငြိမ်းသတ်ဝတ်စုံ၊ အရံမီးသတ်ဝတ်စုံများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက မိမိတို့ရပ်ကွက်အတွင်း မီးသတ်ကားရရှိရေး ဆောင်ရွက်ခဲ့ရမှု၊ အရန်မီးသတ်စခန်း တည်ဆောက်ရန် မြေနေရာဝယ်ယူမှု၊ အဆောက်အဦ ဆောက်လုပ်ရေးအတွက် ဝိုင်းဝန်းကူညီ လှူဒါန်းပေးကြသော အလှူရှင်များ၊ စေတနာလုပ်အားရှင်များ၊ တာဝန်ယူ ဆောင်ရွက်ကြမည့် အရန်မီးသတ်သတ်ဖွဲ့ဝင်များ အားလုံးကို ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော တာဝန်ရှိသူများက မီးငြိမ်း သတ်ရေးဝတ်စုံ (၃)စုံနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံ (၁၀)စုံတို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး (ယာယီ)လွှဲပြောင်းပေးသော မီးသတ်ယာဉ်နှင့်အတူ မီးသတ်တပ်ဖွဲ့ ဝင်များက မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို လက်တွေ့ သရုပ်ပြသခဲ့ ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် စခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ အလှူရှင်များ၊ ရပ်မိရပ်ဖ များနှင့် မြဝတီရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment