MNP - မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာစိုးဇော်လှိုင်(ဆင်မြီးဆွဲ)ရေးသားထုတ်ဝေသည့်"သုံးပန်လှဒေဝီ"စာအုပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲတွင် ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက မိတ်ဆက်စကားပြောကြားပြီး ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ၏ ကိုယ်တိုင်ရေးသားထုတ်ဝေထားသည့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်အား လူထုအခြေပြုဗဟိုဌာန၌လာရောက် ပူးပေါင်းဆောင်ရွက်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ယင်းအပြင် စာပေစကားဝိုင်းများ၊ စာရေးသူတို့၏ စာပေဘဝခရီးအတွေ့အကြုံများအား အင်တာဗျူးအစီအစဉ်များနှင့် Talk Showပြုလုပ်ခြင်းနှင့် အခြားသုတ/ရသ စာပေရေးရာဆိုင်ရာများ အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်များကိုလည်း ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ လစဉ်လာရောက်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြား သည်။
ထို့နောက် စာအုပ်မိတ်ဆက်ပွဲနှင့်ပတ်သက်၍ ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဌဦးလှကျော်က မုဒိတာစကားပြောကြားပြီး စာရေးဆရာ စိုးဇော်လှိုင် (ဆင်မြီးဆွဲ)က ၎င်း၏ သုံးပန်လှဒေဝီ စာအုပ်အား ရေးသားထုတ်ဝေဖြစ်သည့်အခြေအနေများနှင့် ယင်းစာအုပ်ပါအ ကြောင်းအရာများကို တက်ရောက်လာကြသူများအား ဝေဖန်အကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားရာ စာရေးဆရာဦးညွန့်ရွှေ(ရွှေတံခါး)၊စာရေးဆရာသက္ကာဦး(ပညာရေး)၊စာရေးဆရာမောင်စိမ်းလန်း(ပြည်)တို့က ယင်းစာအုပ်အပေါ် အမြင်များကို အသီးသီး ဝေဖန်ဆွေနွေးကြသည်။
အဆိုပါစာအုပ်သည် ဒေသတွင်းပြည်သူများ လက်ဆင့်ကမ်း ယုံကြည်ခဲ့ကြသည့် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သရေခေတ္တရာပျူခေတ်ဘုရင် ဒွတ္တဘောင်မင်းကြီး၊ တောင်ညိုဘုရင်၊ ပန်ထွာမင်းသမီးနှင့် သုံးပန်လှမင်းသမီးလေးတို့၏ ဆက်စပ်ပတ်သက်မှု လွမ်းမောဖွယ်ရာဘဝဇာတ်လမ်းများကို ဇာတ်လမ်းဇာတ်အိမ်များဖြင့် စာရေးသူက ဝတ္ထုရှည်အဖြစ်ခံစားရေးသားထားပြီး ရန်ကုန်မြို့ မွှေးနံ့သာစာပေက ယခုနှစ် မတ်လတွင် ပထမအကြိမ်ထုတ်ဝေ ကြောင်းသိရသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment