မော်လမြိုင်မြို့တွင် တည်ထားကိုးကွယ်တော်မူသော ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် တည်ထားကိုးကွယ်တော်မူသော ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနား ကျင်းပ



MNP ၊ မတ် ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော် အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ ဝေဿန္တရာတန်ဆောင်းဓမ္မာရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မဗဟုဇနဟိတဓဇ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အလှူဒါယကာ ၊ ဒါယိကာမများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အတုလရန် အောင်ကျောင်း ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် အတုလ ရန်အောင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကောသလ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင် များသည် ဆရာတော်ကြီးများထံသို့ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများနှင့်အတူ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပန်းရထားဖြင့် စေတီတော်အထွဋ်အထိပ်သို့ ပင့်ဆောင်ပူဇော်ပြီး ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော်တင်လှူကြသည်။

၎င်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ရွှေတောင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။

ထို့ပြင် မော်လမြိုင်မြို့၊ က္ကစ္ဆာသယသိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီးတွင် တည်ထားကိုးကွယ်မည့် နဂါးရုံဘုရားကြီးထုဆစ်ပူဇော်ရန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှ အချင်း ၁၀ ပေ၊ အမြင့် ၁၈ ပေ၊ အလေးချိန် တန် ၆၀ ခန့်ရှိ စကျင်ကျောက်တော်အား ထုဆစ်နေမှုများကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)