မအီမြို့နယ်တွင် မအီချောင်းစက်တော်ရာ ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို (၃)ရက်တိုင်ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့နယ်တွင် မအီချောင်းစက်တော်ရာ ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို (၃)ရက်တိုင်ကျင်းပမည်





     

MNP ၊ မတ် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်၊ မအီချောင်းဖျားတွင် မအီချောင်းစက်တော်ရာ ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပနေပြီဖြစ်ကြောင်းသိရသည်။


ဖော်ပြပါ ဗုဒ္ဓစက်တော်ရာကို မအီချောင်းခြေတော်ရာဟု လူသိများလာသည်နှင့်အညီ နှစ်စဉ်ဘုရားဖူးဧည့်သည်များမှာလည်း စည်ကားများပြားလာခြင်းနှင့် အဆိုပါခြေတော်ရာစတင်တွေ့ရှိခဲ့ပုံတို့ကို စက်တော်ရာဂေါပကဥက္ကဌ ဦးဝင်းလွင်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ " မအီချောင်းစက်တော်ရာကို ၁၉၆၀ ပြည့်နှစ်အလွန်နှစ်များက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေတော်ရာ(၂)ဆူတည်ရှိကြောင်းကို (၂၃-၃-၁၉၆၈)ရက်နေ့မှာတရားဝင်အတည်ပြုခဲ့ပါကြောင်း၊ ခြေတော်ရာကို စတင်ရှာဖွေတွေ့ရှိသူက ဦးအရိယဝံသ(မင်္ဂလသုခကျောင်းတိုက်၊ ကျောက်မြောင်း၊ ရန်ကုန်။ (မအီချောင်းခြေတော်ရာကျမ်းပြုဆရာတော်)နှင့် အပေါင်းပါရဟန်းရှင်လူ(၇)ဦးတို့ကရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ သမိုင်းဝင်ခြေတော်ရာ(၁၂)ဆူရှိသည့်အနက် လက်ယာခြေတော်ရာ(လက်ယာပါဒ)မှာ မအီစက်တော်ရာ၌သာ တစ်ဆူတည်းတည်ရှိနေခြင်းမှာ ထူးဆန်းပါကြောင်း၊ မအီစက်တော်ရာ၏အတိုင်းအတာမှာ အလျား(၃ပေ ၄ လက်မ) အနံ(၁ ပေ ၄ လက်မ)နှင့် ထု/အမြင့်(၃)လက်မဖြစ်ပါကြောင်းတို့ကို ဦးဝင်းလွင်ထံမှသည်။ စက်တော်ရာပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင်ကလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဘုရားဖူးလာရောက်သူဦးရေနည်းပါးခဲ့သော်လည်း အဂ္ဂမဟာကမ္မဌာနစရိယ၊ ဝနဝါသီအရှင်ဝါယာမိန္ဒ(မြောက်ဦးဆရာတော်)ဘုရား၏ကောင်းမှုတော်ကြောင့် နှစ်စဉ်နိုင်ငံအဝန်းမှဘုရားဖူးဧည့်သည်ဦးရေမှာ သိန်းချီ၍ရောက်ရှိကြကြောင်းသိရသည်။ မအီမြို့နှင့် ဗုဒ္ဓစက်တော်ရာ(၂)ဆူမှာ(၁၆)မိုင်(၆)ဖာလုံကွာဝေးပြီး မအီမြို့မှ အမ်းမြို့နယ်၊ စနဲကျေးရွာသို့ (၉)မိုင်ခရီးမှာသွားလာရလွယ်ကူသည့်ကားလမ်းဖြစ်သော်လည်း စနဲကျေးရွာ စက်တော်ရာတည်ရှိရာသို့(၇)မိုင်(၆)ဖာလုံမှာ တောင်တက်လမ်းခရီးဖြစ်ကြောင်း၊ အဆိုပါကြမ်းတမ်းသည့်လမ်းခရီးကို မြောက်ဦးဆရာတော်ဘုရား၏ ဦးဆောင်ကြီးမှူးကောင်းမှုတော်နှင့် ခုနစ်ရက်သားသမီးတို့၏လှူဒါန်းမှုတို့ဖြင့် ၂၀၁၂-ခုနှစ်မှစတင်၍ ဖောက်လုပ်ပြုပြင်မွမ်းမံလာခဲ့ရာ ယခုအခါလွယ်ကူချောမွေ့သော ကွန်ကရစ်လမ်းအဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အခုလိုတွေ့ဆုံချိန်မှာ ဂေါပကဥက္ကဌတစ်ဦးအနေဖြင့်ဖြည့်စွက်ပြောချင်တာကတော့ စက်တော်ရာတည်ရှိရာနေရာမှာ ဆက်သွယ်ရေးကွန်ယက်မရရှိခြင်းကိုပြောကြားလိုပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် MPT/telenor/Mytel ဆက်သွယ်ရေးတာဝါတစ်ခုခုစိုက်ထူပေးနိုင်ပါက ရောက်ရှိလာကြတဲ့ ဘုရားဖူးဧည့်သည်များအပြင် နီးစပ်ရာလက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာအုပ်စုနှင့် အညင်းတောင်ကျေးရွာတို့သည်လည်း ဆက်သွယ်ရေးအဆင်ပြေသွားကြမည်ဖြစ်ကြောင်း ဦးဝင်လွင်ကပြောကြားခဲ့သည်။


အဆိုပါ မအီချောင်းစက်တော်ရာ ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို မအီမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၏စုပေါင်းအလှူဖြင့် နေ့တရားပွဲ၊ ညတရားပွဲများ၊ ဘုရားဖူးဧည့်သည်များကို ရခိုင်မုန့်တီကျွေးခြင်း၊ နေ့လယ်စာ ညနေစာထမင်းများစတုဒီသာကျွေးမွေးခြင်းများဖြင့် ယနေ့မှစ၍ မတ်လ(၁၆)ရက်နေ့(တပေါင်းလပြည့်နေ့)အထိ (၃)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)