MNP - မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၏ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ကန့်ဘလူမြို့နှင့် တောက္ကရှပ် ကျေးရွာကြားရှိ ကြက်ခြံတွင် ယမန်နေ့ည ၈ နာရီ ၄၆ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ကြက်ခြံအနီးတွင် ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ထားရာမှ အနီးရှိဖွဲများ သိုလှောင်ထားသည့် အဆောက်အဦ နံရံအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် ကြက်ခြံ တစ်လုံး၊ နွားစာတဲ တစ်လုံး၊ ဂိုထောင် တစ်လုံးနှင့် နေအိမ် တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး တို့ဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ကြရာ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးကို ပေါ့ဆစွာသုံးစွဲသူအား ကန့်ဘလူမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment