ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ ဆိုလာအသေးစား ဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ ဆိုလာအသေးစား ဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ


MNP ၊ မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ၌ မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေး စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့်  ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် မဟာဓာတ်အားလိုင်း ပြင်ပဧရိယာ၏ ၃၅ ဒသမ ၂ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ စက်ဆန်းကျေးရွာတွင် ဆောင်ရွက်သည့် ဆိုလာ ၇၁၂ ကီလိုဝပ်နှင့် ကီလိုဝပ် ၂၄၀ အရန်ဒီဇယ် အင်ဂျင်စနစ်ပါဝင်သော ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာနေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၃၀၀ ကျော် အကျိုးခံစားခွင့် ရရှိရန် မျှော်မှန်းထားပြီး  လက်ရှိတွင် အိမ်ထောင်စုပေါင်း ၈၀၀ ကျော် အကျိုးခံစားခွင့်ရရှိပြီ ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်မီးလင်းရေးလုပ်ငန်းများအပါအဝင် သမဝါယမ ကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်းရှိ  ဆိုလာ Mini-Grid လုပ်ငန်း စီမံကိန်းအားလုံးပြီးစီးပါက လျှပ်စစ်ဓာတ်အား ၃ ဒသမ ၆၂၃၆ မီဂါဝပ်ကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်း၊ ရေပေးရေး တို့ကိုလည်း ပြည်ထောင်စုရန်ပုံငွေနှင့်တကွ တိုင်းဒေသကြီးရန်ပုံငွေများတွင်ပါ လျာထားပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခု မီးလင်းရေးစနစ် ရေရှည်တည်တံ့ အောင်မြင်စေရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစား အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်နေ ပြည်သူများ မီးရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် မီးလင်းရေးစက်ရုံ ကဗ္ပည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး ဆိုလာအသေးစားဓါတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ်ဓါတ်အားသွယ်တန်းထားမှုကို ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆန်စက်၊ ဆီစက် လုပ်ငန်းရှင်များ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးသည် စပါးကျီဖြစ်ပြီး ဆန်စက် များစွာရှိကာ ဆန်စက်မှထွက်ရှိသည့် ဖွဲနုမှ ဖွဲနုဆီ ထုတ်လုပ်နိုင်ရေး၊ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုး၊ သွင်းအားစုများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ မတည်ရန်ပုံငွေ ဆောင်ရွက်ပေးနိုင်မှု၊ ကုန်ထုတ်လမ်းနှင့် ဆိုလာစနစ် စိုက်ပျိုးရေရရှိရေးနှင့် သမဝါယမအစုအဖွဲ့များ၊ အသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးနိုင်မှုနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နေကြာတိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မျိုး၊ သွင်းအားစုလိုအပ်ချက်များ၊ ချေးငွေရရှိရေး အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ရန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်ဆွေးနွေးမှာကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘိုကလေးမြို့နယ်၊ ကျောင်းကုန်း ကျေးရွာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကညင်ကုန်း ကျေးရွာတွင် ရေသန့်စင်စနစ် လည်ပတ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)