MNP - မတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမသုံး လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များ (MCCT) အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ကျေးရွာအုပ်စု(၂၅)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် များ (MCCT) အကျိုးခံစားခွင့်ရှိသူ (၂၂၄၄)ဦးအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းမော်တို့က ပေးအပ်ခဲ့ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ (၄၁) အုပ်စုရှိပြီး ကျန်ရှိသည့် (၁၆) အုပ်စုမှ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ ၁၃၄၈ ဦးကို ထောက်ပံ့ကြေးများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment