MNP ၊ မတ် ၁၂
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက လက်ရှိအခြေအနေများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ (၁၂-၃-၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး စက်သုံးဆီအခက်အခဲကို ပညာရှင်များနှင့်ပူးပေါင်း၍ စုပေါင်းခေါင်းဆောင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အလေးအနက်ထား ဆောင်ရွက်ပေးရန် တိုက်တွန်းပြောဆိုထားသည်။
NDF ပါတီ၏ ထုတ်ပြန်ချက်တွင် ယနေ့ပြည်သူများ၏ လူမှုစီးပွားရေးအခြေအနေများသည် အခက်အခဲ အကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများ၏ စစ်ရေး၊ စီးပွားရေး အားပြိုင်မှုများကြောင့် နိုင်ငံငယ်များတွင်လည်း စီးပွားရေးအကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားမှုကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း မကြုံစဖူး မြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီ အဆမတန် ဈေးမြင့်မားလာမှုကို ရင်ဆိုင်ကြုံတွေ့လာရကြောင်း၊ ထို အကျိုးဆက်ကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည်လည်း တဖြည်းဖြည်း မြင့်တက်လာလျက်ရှိကြောင်း၊ အလုပ်အကိုင် ရှားပါးမှုကြောင့် အလုပ်လက်မဲ့ ပြဿနာနဲ့အတူ ရာဇဝတ်မှုများသည်လည်း တနေ့တခြား ပိုမိုများပြားလာသည်ကို တွေ့ရကြောင်း၊ ပြည်သူအများစုသည် အဖက်ဖက်မှ အကြပ်အတည်းများကြားတွင် ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေရကြောင်း ပြောဆိုထားသည်။
နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရအနေဖြင့် ထိုပြဿနာများ၏ အရင်းအမြစ်တစ်ခုဖြစ်သော စက်သုံးဆီအခက်အခဲကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အထူးလုပ်ပိုင်ခွင့် ခွဲဝေခြင်းထက် ပညာရှင်များနှင့် ပူးပေါင်း၍ စုပေါင်းခေါင်းဆောင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အလေးအနက်ထား ဆောင်ရွက်ပေးရန် NDF ပါတီက တိုက်တွန်းပြောဆိုထားသည်။
https://t.me/MyanmarNationalPost/40851
No comments:
Post a Comment