MNP - ဧပြီ ၂၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်တွင် ဖွင့်လှစ်သည့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူပထမနှစ် သင်တန်း(၁/၂၀၂၂)သင်တန်းသား/ သင်တန်းသူများအားကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်ဖြူခရိုင်၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၊ ပညာတန်ဆောင် ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်တဲ့ ပညာရေးဘွဲ့ စာပေးစာယူ သင်တန်း၏ အဓိကရည်ရွယ်ချက်ကတော့ အခြေခံပညာဦးစီးဌာန အခြေခံပညာကျောင်းများမှာ လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြ ဆရာ၊ ဆရာမများ ဖြည့်ဆည်း ပေးနိုင်ရန် ပညာရေးဘွဲ့(B.Ed) မရရှိသေးသည့် အလယ်တန်းပြ၊ အထက်တန်းပြ၊ မူလတန်း ကျောင်းအုပ် ဆရာ/ဆရာမများအတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပညာရေး ကောလိပ်(၂၅)ကျောင်းမှာ ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ အပတ်စဉ်(၁/၂၀၂၂) သင်တန်းဖြစ်တဲ့ အတွက်ကြောင့် ဒီသင်တန်းမှာ ကြိုးစားလေ့လာဆည်းပူးကြရင်းဖြင့် ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့် သင်ကြားမှု အရည်အသွေးများ တိုးတက်မြင့်မားရေးအတွက် အထောက်အကူပြု နိုင်တာကြောင့် ကြိုးစားလေ့လာ သင်ယူကြရန်နှင့် ဆရာ့ကျင့်ဝတ်၊ ဆရာ့သိက္ခာနှင့်အညီ ဆရာ့ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ် သင်တန်း(၁/၂၀၂၂) သင်တန်းဖွင့်လှစ်ရခြင်း ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာတွင် ရခိုင်ပြည်နယ် (၁၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ စာရင်းရှိ သင်တန်းသား/ သင်တန်းသူ (၂၉၁)ဦးဖြစ်ကာ၊ သင်တန်းတက်ရောက်သူ (၂၇၇)ဦးရှိပြီး သင်တန်း ကာလမှာ (၂၀.၄.၂၀၂၂)မှ (၂၅.၅.၂၀၂၂)ထိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်နှင့် သင်ကြားရေး ဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား/သူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဖြိုးဝေလင်း၊ တင်ထွန်းဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment