MNP - ဧပြီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ထိုပူးရွှေအင်းကျေးရွာ၌ တည်ထားကိုးကွယ်ပူဇော် အပ်သော ရတနာမင်္ဂလာမာန်အောင် စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပထမပိုင်း အစီအစဉ်အဖြစ် ရေစက်ချအလှူတော် မင်္ဂလာအခမ်အနားကို ကျင်းပရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကြွရောက်လာကြသော စိန်ဖူးတော်၊ ရွှေထီတော်အလှူရှင်များနှင့် ဧည့်သည်တော်များက ရတနာမြတ်သုံးပါးကန်တော့၍ ရတနာမြိုင်ဆရာတော်ထံ ငါးပါးသီလခံယူ တည်ဆောက်ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရား ရွတ်ဖတ်ချီးမြှင့်ကြပြီး မဟာသမယဆရာတော်က ဩဝါဒနှင့် အနုမောဒနာကထာ ဟောကြားချီးမြှင့်သည်။
ထို့နောက် ဘုရားဒါယက/ဒါယိကာမတို့က စိန်ဖူးတော်နှင့် ရွှေထီးတော်များ ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အား ရေစက်ချလှူဒါန်းအမျှဝေခဲ့ကြပြီး အလှူဒါယိကာ/ ဒါယိကာမ များက ရွှေထီးတော်စိန်ဖူးတော်များကို စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ပတ် လှည့်လည် ပူဇော်ကြသည်။
ဒုတိယပိုင်း အစီအစဉ်အဖြစ် ရွှေထီးတော်တင်လှူပွဲ ဆက်လက်ကျင်းပရာ ဆရာတော် သံဃာတော် များက စိန်ဖူးတော်နှင့် ရွှေထီးတော်များအား ဇယန္တောဗောဓိယာအောင်ဂါထာဖြင့် ရွတ်ဆိုပူဇော်ကြ ပြီး အမွှေးနံ့သာများ ဆွတ်ဖျန်းကြသည်။
ယင်းနောက် ရွှေထီးတော်ကြီးနှင့် စိန်ဖူးတော်များကို ပထမ၊ ဒုတိယ၊ တတိယစသည့် ဘုံစဉ်အလိုက် ပန်းရထားဖြင့် တင်လှူပူဇော်ခဲ့ပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းကာ အခမ်းအနား အောင်မြင်ပြီး မြောက်ခဲ့ကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment