MNP ၊ ဧပြီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးအာမခံလျော်ကြေးငွေ ပေးအပ်ပွဲနှင့် အာမခံလုပ်ငန်းများ အကြောင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်၁၀နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြန်မာ့အာမခံလုပ်ငန်း ခရိုင်မန်နေဂျာတို့က ဖေဖော်ဝါရီလ (၂၃)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် တိုင်ကျိုးကျေးရွာရှိ မီးဘေးသင့် ပြည်သူ ဦးစန်းကျော်သူအား မီးအာမခံလျော်ကြေးငွေ(၄၆၃၇၇၆၀၀)ကျပ်ကို ပေးအပ်ခဲ့ရာ မီးဘေးသင့် ပြည်သူ ဦးစန်းကျော်သူက ကျေးဇူးတင်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများက အလုံးစုံမော်တော်ယာဉ် အာမခံနှင့် ပတ်သက်၍ လည်းကောင်း၊ စာသင်သား အသက်အာမခံနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံဝန်ထမ်း အသက်အာမခံနှင့် ပတ်သက်၍ လည်းကောင်း၊ ခရိုင်မန်နေဂျာ ဦးကျော်သူရက မြန်မာ့အာမခံလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment