MNP - ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေးဟောပြောပွဲကို သက်ဆိုင်ရာဌာနများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းယားကြီးကျေးရွာအုပ်စု၊ ဖောင်းဖြူကျေးရွာရှိ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်ရဲထိုက်က က ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိဘပြည်သူများ အနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြရန်နှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် အခြားကျေးရွာ(၁၀)ရွာတွင်လည်း အသိပညာပေး ဟောပြောသွားမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်မြမြသွင် ဒုတိယဦးစီးမှူးနှင့်အဖွဲ့က မိုးနေကြာ မျိုးစေ့ထုတ်လုပ်နည်း၊ EM ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်း၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်ဝင်းက နွားမွေးမြူခြင်း၊ ဆိတ်မွေးမြူခြင်းလုပ်ငန်း ကို တိုးချဲ့ မွေးမြူလုပ်ကိုင်ကြရန် နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်က လယ်ယာမြေ၏အဓိပ္ပာယ်၊ ပုံစံ(၇) လျှောက်ထားခြင်း၊ ပျက်စီး၊ပျောက်ဆုံးခြင်း၊ မြေလွတ်မြေရိုင်းလျှောက်ထားနည်းနှင့် ပတ်သက်၍ ဌာနအလိုက်အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက်ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment