မူလပိုင်ရှင်ထံမှ တရားဝင်ဝယ်ယူ၍ အသားတိုးကြက် မွေးမြူရေးလုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ကို ကူနှစ်လုံးဆည်စု အုပ်ချုပ်ရေးမှူးက တားမြစ်စာ ထုတ်သည့်အပေါ် တိုင်ကြားသွားမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူလပိုင်ရှင်ထံမှ တရားဝင်ဝယ်ယူ၍ အသားတိုးကြက် မွေးမြူရေးလုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ကို ကူနှစ်လုံးဆည်စု အုပ်ချုပ်ရေးမှူးက တားမြစ်စာ ထုတ်သည့်အပေါ် တိုင်ကြားသွားမည်ဟုဆို








MNP ၊ ဧပြီ ၂၈

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ပျဉ်ထောင်ကျေးရွာအတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် မူလမြေပိုင်ရှင်ထံမှ တရားဝင် ဝယ်ယူ၍ ကြက်ခြံဆောက်လုပ်နေသည့်အပေါ် ကူနှစ်လုံးဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူးက တားမြစ်စာ ထုတ်၍ ဆက်လက်ဆောက်လုပ်ခြင်း မပြုရန် တားဆီးထားသည့်အပေါ် သက်ဆိုင်ရာသို့ တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


နေပြည်တော် စတင်တည်ဆောက်စဉ်ကတည်းက ဆောက်လုပ်ရေးကန်ထရိုက်တာ တစ်ဦးအနေဖြင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်များ ဆောက်လုပ်ရင်း ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ပျဉ်ထောင်ကျေးရွာပိုင်အတွင်း ခြံဝယ်ယူ၍ အခြေချ နေထိုင်ပြီး အသားတိုးကြက်မွေးမြူရေးလုပ်ရန် ဆောင်ရွက်နေသည့် ဦးစိန်သွင်က "ကျွန်တော်တို့က ကုမ္ပဏီနဲ့ ဆက်သွယ်ပြီးတော့ ကြက်မွေးမြူရေးလုပ်ဖို့ ပျဉ်ထောင်ကျေးရွာ က ဦးဆန်းလင်း ဆီက ဝယ်လိုက်တာ။ ကျွန်တော်တို့က မညီညွတ်တဲ့မြေတွေကို ထွန်စက်ငှားပြီး ညှိပြီးပြီ။ ထွန်စက် ၄ဂျူတီ ၁၀ သိန်းကျော် ကုန်ကျပါတယ်။ ဦးစန်းလင်း ပိုင်ဆိုင်တယ်ဆိုတာကို ကျွန်တော်က ဘယ်လိုသိလဲဆိုတော့ဗျာ ကျွန်တော်တို့က နေပြည်တော်ကို ၂၀၀၅ ခုနှစ် ကတည်းက ရောက်တာဗျာ။ အဲဒီအချိန်ကတည်းက အဲဒီခြံမှာ ဦးဆန်းလင်းရဲ့ အဖေ ဦးကိုပုက နွားမွေးတယ်။ နှမ်းကျဲတယ်။ ပြောင်းကျဲတယ်။ အတူတူ နီးနီးစပ်စပ် နေနေတော့ သူတို့ပိုင်တယ်လို့ပဲ သိပြီး ဦးဆန်းလင်းဆီက ဝယ်လိုက်တာပါဗျ။ မြေက သိပ်မကောင်းတော့ စိုက်ပျိုးရေး လုပ်လို့ မရဘူး။ အဲဒါကြောင့်လည်း သူတို့က ကျွန်တော်တို့ မွေးမြူရေးလုပ်မယ်ဆိုတော့ ရောင်းတာ။ ကျွန်တော်တို့ ဒီကိုရောက်သည်အထိ သိလည်းမသိဘူး၊ မြင်လည်း မမြင်ဖူးဘူး။ ကျွန်တော် ဒီမှာ နေတာပဲ နှစ်ပေါင်း ၂၀ကျော်ပြီ။ အဲဒီအရင်က ပိုင်ခဲ့တဲ့သူတွေပါဆိုပြီးတော့ မန်ကျည်းကုန်းကျေးရွာမှ ဒေါ်ကြူ၊ ဒေါ်သီ၊ ဒေါ်ခင်စန်းဝင်း ဆိုတဲ့သူတွေက အုပ်ချုပ်ရေးမှူးကို သွားတိုင်ပြီးတော့ အုပ်ချုပ်ရေးမှူးက တားမြစ်တာ။ တွေ့ဆုံပြီး ညှိနှိုင်းပေးတာမျိုး မရှိဘူး။ ဘာမှ အကျိုး၊ အကြောင်း မပြောဘဲ တစ်ဖက်က တိုင်တာနဲ့တင် စာထုတ်ပြီးတာတာနဲ့ ၂၆ ရက်နေ့ကနေ ယနေ့အထိ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ကျွန်တော်ကတော့ ဦးဆန်းလင်း ဆီက ဝယ်တာ။ စာချုပ်မှာလည်း အရှုပ်အရှင်းဖြစ်လာခဲ့ရင် ဦးဆန်းလင်း ရော်ရမယ်။ ဦးဆန်းလင်း အနေနဲ့ကလည်း အဲဒီတိုင်တဲ့ သူတွေကို သူတို့မတိုင်ခင်က ဒီမြေမှာ လုပ်ခဲ့ဖူးတယ်ဆိုရင် သုံးပုံတစ်ပုံပေးမယ်လို့ ပြောတာကို မကျေနပ်ဘူးလို့ ကြားတာပဲ။ ဒါတွေက တော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်းဗျာ စီးပွားရေးအခက်အခဲရှိတယ်။ နိုင်ငံကလည်း လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို အားပေးနေတဲ့အချိန် ကုမ္ပဏီနဲ့ အချိတ်အဆက်ရလို့ ရင်းနှီးမြှုပ်နှံပြီး လုပ်ဖို့ စီစဉ်နေတာ။" ဟု ပြောသည်။


ကူနှစ်လုံးဆည်စု အုပ်ချုပ်ရေးမှူးက ၂၆-၄-၂၀၂၂ ရက်စွဲဖြင့် ဦးစိန်သွင်ထံ ပေးပို့သည့် စာတွင် "နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုအုပ်စု၊ ပျဉ်ထောင်ကျေးရွာနေ ဦးဆန်းလင်း(အဘ) ဦးဘိုပု ၏ သားသည် မန်ကျည်းကုန်းရွာနေ ဒေါ်ခင်စန်းဝင်း၊ ဒေါ်ကြူ၊ ဒေါ်သီ တို့ ပိုင်ဆိုင်သော ယာကွက်အား ပိုင်ရှင်မသိဘဲ ရောင်းချခြင်း ပြုလုပ်ခဲ့ပါသဖြင့် ၎င်းတို့ သုံးဦးမှ တိုင်တန်း တားမြစ်ထားခြင်းဖြစ်ပါသည်။ ယခုဆောက်လုပ်နေသော အဆောက်အအုံအား ဆက်လက် မဆောက်လုပ်ပါရန် တားမြစ်လိုက်ပါသည်။" ဟု ပေးပို့ထားခြင်း ဖြစ်သည်။


အဆိုပါမြေနေရာတွင် ဦးဆန်းလင်း၏ ဖခင် ဦးပုနေထိုင်ပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့ရာမှ မြေမကောင်းသဖြင့် စိုက်ပျိုးရေး မလုပ်ကိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ ဒေါ်ခင်စန်းဝင်း၊ ဒေါ်ကြူ၊ ဒေါ်သီ တို့ အနေဖြင့် အဆိုပါ နေရာတွင် ဆယ်စုနှစ် နှစ်စုကြာ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိခဲ့ကြောင်း၊ အငြိမ်းစား ယူသွားပြီဖြစ်သည့် သစ်တောဦးစီးမှူးက ဦးပုအား စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီ ဦးပု အစဉ်အဆက် လုပ်ကိုင်ခဲ့သော မြေနေရာ ဖြစ်ကြောင်း သိရသည်။


ထိုသို့ အုပ်ချုပ်ရေးမှူးမှ ညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိဘဲ တစ်ဖက်က တိုင်ကြားမှုအပေါ် တားမြစ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်မှ လူမှုစီးပွားဘဝ ဖွ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားပေးနေသည့် ကာလတွင် လူမှုစီးပွားဘဝ ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာသို့ တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)