သံတမန်စစ်ခင်းခြင်းနှင့်အတူ ပိတ်ဆို့မှုအသစ်များ ထပ်တိုး၊ “ဘူချာ ဖြစ်ရပ်”ကြောင့် ရုရှားနှင့်အနောက်နိုင်ငံများ အားပြိုင်မှု အရှိန် မြင့်တက်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတမန်စစ်ခင်းခြင်းနှင့်အတူ ပိတ်ဆို့မှုအသစ်များ ထပ်တိုး၊ “ဘူချာ ဖြစ်ရပ်”ကြောင့် ရုရှားနှင့်အနောက်နိုင်ငံများ အားပြိုင်မှု အရှိန် မြင့်တက်လာ





မော်စကို၊ ဧပြီ ၇ 

ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က ဥရောပ၏ ချစ်ကြည်ရင်းနှီးမှုမရှိသော လုပ်ဆောင်ချက်များက အခြေအနေကို ပို၍ ရှုပ်ထွေးစေမည်ဖြစ်ပြီး မကြာမီ လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သုံးသပ်လေ့လာသူအများစုက “ဘူချာ ဖြစ်ရပ်”၏ အခြေအနေမှန်ကို ရှင်းလင်းစွာ မစစ်ဆေးရသေးဘဲ အမေရိကန်နှင့်အနောက်နိုင်ငံမဟာမိတ်များက ရုရှားအပေါ် သံတမန်စစ်ပွဲခင်းပြီး ဘဏ္ဍာရေး၊ စွမ်းအင်ကဏ္ဍများတွင် ပိုမိုများပြားသည့် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ခြင်းက ရုရှားနှင့်အနောက်နိုင်ငံများ၏ အားပြိုင်မှု တစ်ဆင့်တိုးမြင့်လာမည်ဖြစ်သလို ရုရှား-ယူကရေး စေ့စပ်ဆွေးနွေးနေသည့် မရေရာမှုများ ထပ်တိုးစေကြောင်း ယူဆကြသည်။


ဘူချာ ဖြစ်ရပ်၏ သံသယများ

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ် အနောက်မြောက်ဘက်ရှိ ဘူချာမြို့တွင် အရပ်သား ရာနှင့်ချီ သတ်ဖြတ်ခဲ့ကြောင်း ယူကရိန်းဘက်က ဧပြီ ၃ ရက်တွင် စွပ်စွဲပြောကြားပြီး ရုရှားစစ်တပ် ဆုတ်ခွာပြီးနောက် ရိုက်ကူးသည့် ဓါတ်ပုံနှင့်ဗွီဒီယိုများကို သက်သေအဖြစ် ထုတ်ဖော်ပြသခဲ့သည်။ ထုတ်ဖော်ပြသသည့် ဓါတ်ပုံ၊ရုပ်သံဗွီဒီယိုများတွင် လမ်းများ၌ သေဆုံးသူရုပ်လောင်းအချို့ ကို တွေ့မြင်ရသည်။


ယူကရိန်း၏စွပ်စွဲချက်ကို ရုရှားက အတိအလင်း ငြင်းပယ်ခဲ့သည်။ ရုရှားစစ်တပ်သည် မတ် ၃၀ ရက်တွင် ဘူချာမှ အပြည့်အဝ ထွက်ခွာသွားခြင်းဖြစ်ပြီး “ပြစ်မှုကျူးလွန်သည့် သက်သေ”ဟု အဆိုပြုသည်များက ရုရှားစစ်တပ် ထွက်ခွာပြီး စတုတ္ထမြောက်နေ့မှ ဖြစ်ပေါ်လာခြင်း ဖြစ်ရာ ထိုစဉ်အချိန်က ယူကရိန်းလုံခြုံရေးဌာန သက်ဆိုင်ရာလူပုဂ္ဂိုလ်များ ယင်းနေရာသို့ ရောက်ရှိပြီးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။


ရုရှား သမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskovက ၎င်းမှာ ရုရှားကို အသရေဖျက်ရန် “စနစ်တကျ စီစဉ်ပြသသည့် ကြေကွဲဖွယ်ရာသရုပ်ပြမှု”သာ ဖြစ်ပြီး ရုရှားစစ်တပ်အပေါ် ပြစ်တင်ရှုတ်ချသည့် မည်သည့်အရာမဆို လက်ခံမည်မဟုတ်ကြောင်းနှင့် ယင်းဖြစ်ရပ်အား မျှတစွာ စုံစမ်းစစ်ဆေးရေးကို ထောက်ခံကြောင်း ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။


ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vasily Nebenzyaက နယူးယောက် ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ဘူချာမြို့တော်ဝန် Anatoly Fedorukမတ် ၃၁ ရက်က ထုတ်ပြန်သည့် ဗွီဒီယိုအပါအဝင် သက်သေအချို့ကို ပြသခဲ့ရာ ထိုစဉ်က ဗွီဒီယိုတွင် “ရုရှားစစ်တပ် အရပ်သားများအား သတ်ဖြတ်ခြင်း”ဟူသော စကားတစ်လုံးမှ မပြောခဲ့ကြောင်း ဆိုသည်။


“ဘူချာ ဖြစ်ရပ်”ကို လက်တွေ့မဆန်စွာပုံကြီးချဲ့နေခြင်းသည် ရုရှား-ယူကရိန်း စေ့စပ်ဆွေးနွေးမှုဖြစ်စဉ်ကို အာရုံလွှဲရန်အတွက် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက အပြုသဘောတိုးတက်မှုများရရှိခဲ့ကြောင်း၊ “ဘူချာ ဖြစ်ရပ်”နှင့်စပ်လျဉ်းသည့် ရန်စမှုက စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်တွင် အာရုံစိုက်နေခြင်းကို အာရုံလွှဲပြီး တောင်းဆိုချက်အသစ်များ အဆိုပြုရန်ဖြစ်သည်ဟု ယူဆနိုင်ကြောင်း ဆိုသည်။


သံတမန်ရေး ဝိုင်းဝန်းပိတ်ဆို့ခြင်း

“ဘူချာ ဖြစ်ရပ်” သရုပ်မှန်ကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးခြင်း မရှိသေးသော်လည်း အနောက်နိုင်ငံများက ပြင်းထန်သည့် တုန့်ပြန်မှုများ အသီးသီး ပြုလုပ်ကြပြီးဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်Josep Borrellက ဥရောပသမဂ္ဂဆိုင်ရာ ရုရှားသံတမန်အဖွဲ့ဝင် အများအပြားကို “မကြိုဆိုထိုက်သူများ ”အမည်စာရင်းတွင် ထည့်သွင်းကြောင်း ကြေညာခဲ့သည်။ ဂျာမနီ၊ ပြင်သစ်၊ အီတလီ စသည့် ဥရောပတိုက် ၁၀ နိုင်ငံကျော်ကလည်း ရုရှားသံတမန်အချို့ကို နှင်ထုတ်ခဲ့သလို လစ်သူယေးနီးယားနှင့်လတ်ဗီယားနိုင်ငံများက ရုရှားနှင့်သံတမန်ဆက်ဆံရေးအဆင့် နှိမ့်ချလိုက်လိုက်ကြောင်း ကြေညာခဲ့သည်။


ယူကရိန်းတွင် ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း နှင်ထုတ်ခံရပြီးသည့် ရုရှားသံတမန် ၃၀၀ ကျော်ရှိကြောင်း ရုရှားသတင်းမီဒီယာများ၏စာရင်းများအရ သိရသည်။


နိုင်ငံအများအပြားက ရုရှားသံတမန်များကို နှင်ထုတ်သည့် ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက ရုရှားဘက်က တုန့်ပြန်သွားမည်ဖြစ်ပြီး ဤတုန့်ပြန်မှုအတွက် အချိန်စောင့်ဆိုင်းစရာလိုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။


ယခုအကြိမ် ရုရှားသံတမန်အများပြား နှင်ထုတ်ခံရခြင်းသည် အနောက်အုပ်စုက ရုရှားနှင့်ထိပ်တိုက်ရင်ဆိုင်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ရုရှား နိုင်ငံရေးနှင့်လူမှုရေးသုတေသနစင်တာ အကြီးအကဲ Pavel Danilinက ယူဆသည်။ အနောက်နိုင်ငံများက အလွှာစုံတွင် ရုရှားနှင့်စစ်ခင်းနေခြင်းဖြစ်ရာ သတင်းအချက်အလက်တိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲစသည်ဖြင့် ပါဝင်ရာ ယခုအခါ သံတမန်ရေးစစ်ခင်းလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။


ရုရှား သိပ္ပံအကယ်ဒမီ ကမ္ဘာ့စီးပွားရေးနှင့်နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဥရောပရေးရာ သုတေသနစင်တာ အဆင့်မြင့် သုတေသီ Vladimir Olenchenkoက သံတမန် အရေအတွက် လျော့နည်းသွားခြင်းက ရုရှားနှင့်အနောက်နိုင်ငံအသီးသီး အပြန်အလှန် ထိတွေ့မှု၊ သရုပ်မှန်အချက်အလက်ရရှိမှု၊ နှစ်ဖက်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်မှု၏ ဖြစ်နိုင်ချေကို တစ်ဆင့်လျော့ကျစေကြောင်း ယူဆသည်။


ထပ်တိုး ပိတ်ဆို့မှုများ

အနောက်နိုင်ငံများက ရုရှားသံတမန်များကို အကြီးအကျယ်နှင်ထုတ်မှုများပြုလုပ်နေသည့်အပြင် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်ရန် အရှိန်ယူပြင်ဆင်နေသည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ရုရှားမှ ကျောက်မီးသွေးတင်သွင်းမှုအား ပိတ်ပင်ခြင်း၊ ရုရှားရေယာဉ် ဥရောပသမဂ္ဂနိုင်ငံများ ဆိပ်ကမ်းသို့ ဆိုက်ရောက်မှုအား တားမြစ်ခြင်းများ အပါအဝင် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။


ရုရှားတွင် ပြုလုပ်မည့် “ရင်းနှီးမြုပ်နှံမှုအသစ် အားလုံး”ကို တားမြစ်ရန်နှင့် ရုရှားဘဏ်၊ နိုင်ငံပိုင်လုပ်ငန်းများ၏ ပိတ်ဆို့မှုကို အားဖြည့်ရန် အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psakiက ဆိုသည်။


ဂျာမနီ၊ ပြင်သစ်၊ အီတလီစသည့် ဥရောပနိုင်ငံများက ယခုရက်ပိုင်းများတွင် “ဘူချာ ဖြစ်ရပ်”အား အံဩထိတ်လန့်မိကြောင်း ပြောကြားခဲ့သလို ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များကို လေ့လာသွားမည်ဖြစ်ကြောင်း ဆိုသည်။


အနောက်နိုင်ငံများ၏ အထက်ပါ လုပ်ဆောင်မှုအပေါ် ရုရှား နိုင်ငံတကာရေးရာကောင်စီ စီမံကိန်းဒါရိုက်တာ Ivan Timofeevက “ဘူချာဖြစ်ရပ်”သည် ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှု၏ တွန်းအားသစ်ဖြစ်ကြောင်း၊ ၎င်းသည် လက်တွေ့တွင် အနာဂတ် လုံခြုံရေးဆွေးနွေးမှုတွင် ရရှိနိုင်သည့် ဖြစ်နိုင်ချေကို လျော့နည်းစေကြောင်း ယူဆသည်။ သံတမန်ဆက်ဆံရေးအဆင့်နှိမ့်ချလိုက်သည့် လုပ်ငန်းစဉ်များ စတင်လိုက်ပြီဖြစ်ရာ အနာဂတ်တွင် ရုရှားကို ဦးတည်သည့် ဘဏ္ဍာရေးနှင့်လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိတ်ဆို့မှုများ ပို၍ ကျယ်ပြန့်လာနိုင်ပြီး ရုရှားနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ဆက်ဆံရေးကို တစ်ဆင့်တိုး ဆိုးဝါးစေနိုင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် ဘက်ပေါင်းစုံက အပြန်အလှန်အဆုံးထိဖိအားပေးရန် ပြင်ဆင်နေပြီးဖြစ်ရာ လိုက်လျောနိုင်ချေအားလုံးက အလွန်တရာခဲယဉ်းသည့် အနေအထားဖြစ်နေပြီး ၎င်းမှာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်ကို တစ်ဆင့်တိုး သက်ရောက်မှု ရှိစေနိုင်ကြောင်း ဆိုသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)