မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်ရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်ရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကျင်းပ












MNP ၊  ဧပြီ  ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ဝတ္တုကံတော်အတွင်း တည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းနှင့် အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် သံဃာတော် ၅၄ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသာဋ္ဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ သံဃာတော်များက ဝိသုံဂါမသီမာသမ္မုတိ သိမ်သမုတ် ကံဆောင်ခြင်းအား ဝိနယ ဥပဒေသများနှင့် လျော်ညီစွာ ဆရာထေရ်စဉ်ဆက်တို့၏ ဩဝါဒများနှင့်အညီ ဆောင်ရွက်တော်မူကြသည်။


ယင်းနောက် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များ ရွတ်ဆိုပူဇော်၍ မေတ္တာပြုချီးမြှင့်တော်မူကြသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တယပူဇာဂါထာနှင့် မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆို ပွားများပူဇော်ကြသည်။


ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိ ဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်ကံဆောင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားရာတွင် ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်အမည်ကို အဂ္ဂါဓိပတိဘွဲ့ အမည်သမုတ်နိုင်ရန် လျှောက်ထားပြီး ဩဝါဒခံယူတော်မူခဲ့ရာ  ဆရာတော်များက သာဓု သုံးကြိမ်ခေါ်ဆို၍ သဘောဆန္ဒတူညီတော်မူကြသည်။


ထို့နောက် အခမ်းအနားမှူးက သာသနာ့ဗိမာန်ဝိသုံဂါမသိမ်တော် မင်္ဂလာ အောင်ဩဘာ စာတမ်းကိုဖတ်ကြားကာ မေတ္တာပို့အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းလိုက်သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးများနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် ပုံစံငယ်ကိုကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီး မြေနေရာအား ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ပါဠိဆရာတော်ကြီး အမှူးပြုသည့် သံဃာတော် ၁၂ ပါးက အနန္တရာ ယိက အန္တရာယ်ကင်းအခမ်းအနားကို လည်းကောင်း၊ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ သံဃာတော် ၁၁၇ ပါးက သီမာသမူဟနန သိမ်နုတ်ကံဆောင်ခြင်း အခမ်းအနားကို လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ပေါက်မြိုင်ကျောင်းတိုက် ဆရာတော်နှင့် မဟာသီဟနာဒကျောင်းတိုက် ဆရာတော်တို့ အမှူးပြုသည့် သံဃာတော် ၅၄ ပါးက သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်း အခမ်းအနားကိုလည်းကောင်း ဝိနယဥပဒေသ များနှင့်လျော်ညီစွာ ဆရာထေရ် စဉ်ဆက်တို့၏ ဩဝါဒများနှင့်အညီ ဆောင်ရွက် တော်မူခဲ့ကြသည်။


ယခုတည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးအား ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သိမ်တော်ကြီးသည်  အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိပြီး သံဃာစင်တွင် သံဃာတော် ၁၈၀ ပါး၊ ဘေးခုံတန်းနှစ်ဖက်နှင့် အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁၈၉၀ ဦး ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်းနှင့် ယခုသိမ်တော်ကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံး သိမ်တော်ကြီး တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)