MNP - ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် ပြင်ထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ ကြက်ခြေနီ စေတနာလုပ်ငန်းရှင်များ အားအန္တရာယ်ကင်းရှင်းရေးနှင့် လူနာတင်ယာဉ်ပေါ်၌ အရေးပေါ် အခြေအနေပြုစုခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင့်အောင်က အမှာစကား ပြောကြားကာ သင်တန်းအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင့်ဝေက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ် ကင်းရှင်းရေးဌာနမှ နည်းပြဆရာမ(၂)ဦးတို့က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
‘‘အခုသင်တန်းကို တက်ရောက်လာတဲ့ သင်တန်းသား/သူတွေက အခြေခံ ရှေးဦးပြုစုနည်း သင်တန်းတွေကတော့ တက်ပြီးသားတွေဖြစ်တယ်၊ ဒါပေမဲ့ပြောင်းလဲလာတဲ့ ကာလရဲ့ အရေးပေါ် အခြေအနေတွေမှာ ရှေးဦးပြုစုခြင်း လုပ်ငန်းစဉ် တွေကို ဘယ်လိုပြောင်းလဲ ဆောင်ရွက် ကြမလဲဆိုတာကို သင်ကြားပေးတာ ဖြစ်ပါတယ်၊ စိတ်ဖိစီးမှု ဖြစ်ပေါ်တဲ့အချိန်မှာ ဘယ်လို အားပေး ကူညီပေးမလဲ၊ မိုင်းအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြုစုပေးရမလဲ၊ ဘယ်လို ရှောင်ရှား နိုင်မလဲဆိုတဲ့ အသိပညာပေးတာတွေ သင်ကြားပေးသွားမှာဖြစ်သလို အရေးပေါ် သုံးကားတွေနဲ့ ပတ်သက်ပြီး အရေးပေါ် ကားတွေ လူနာတွေကို ဘယ်လိုသယ်ဆောင် မောင်းနှင်ရမလဲ၊ လူနာကို ဘယ်လိုပြုစုကြမလဲဆိုတာတွေကို ခေတ်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင့်ဝေက ပြော သည်။
ပြင်ထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ ကြက်ခြေနီ စေတနာလုပ်ငန်းရှင်များအား အန္တရာယ်ကင်းရှင်းရေး သင်တန်းများအား ဧပြီ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ လည်းကောင်း၊ လူနာတင်ယာဉ်ပေါ် အရေးပေါ် အခြေအနေ ပြုစုနိုင်ရေး နည်းလမ်းသင်တန်းအား ဧပြီလ (၆)ရက်နေ့မှ (၉)ရက်နေ့အထိ သင်ကြားပေးသွား မည်ဖြစ်ကြောင်းနှင့် ၎င်းသင်တန်းများသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်များမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၂၅)ဦးတက်ရောက်လျက် ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment