သထုံမြို့နယ်အတွင်း စိုက်ပျိုးသည့် ရာသီပေါ်နာနတ်သီးများ ဈေးကွက်သို့ စတင် ခူးဆွတ် ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်အတွင်း စိုက်ပျိုးသည့် ရာသီပေါ်နာနတ်သီးများ ဈေးကွက်သို့ စတင် ခူးဆွတ် ရောင်းချ





MNP ၊ ဧပြီ    ၈

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ကျေးရွာများ၌ စိုက်ပျိုးသည့် ရာသီပေါ် နာနတ်သီးများမှာ ယခုလဆန်းပိုင်းအချိန်မှ စတင်၍ ရန်ကုန်ဈေးကွတ်သို့ ခူးဆွတ်တင်ပို့ရောင်းချနေရပြီဖြစ်သောကြောင့် နာနတ်စိုက်ပျိုးသူများ ဝင်ငွေရရှိပြီး အဆင်ပြေကြကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။


"ဒီအချိန်က အသီးခူးလို့ရတဲ့အချိန် နှစ်စဉ်လိုလိုပေါ့ ရန်ကုန်က ကုန်သည်တွေ လာဝယ်တယ်၊ အသေး၊ အလတ်၊ အကြီး အရွယ်အစားအလိုက် တစ်လုံးကို ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ အထိ ဈေးရတယ်၊ လက်ငင်း ငွေချေပြီး ရောင်းရတာကြောင့် ငွေပေါ်တာဖြစ်လို့ အဆင်ပြေပါတယ်" ဟု ဒညင်းကုန်းကျေးရွာမှ နာနတ်ခြံ စိုက်ပျိုးသူ ဒေါ်မိနွဲ့ က ပြောသည်။


သထုံမြို့နယ်အတွင်း နာနတ်ပင်များကို တောင်ပေါ်ဒေသ တောင်ယာစိုက်ခင်းများနှင့် စိုက်ပျိုးစ ရာဘာခြံများ၌ ကြားသီးနှံအဖြစ်သာ အများအားဖြင့် စိုက်ပျိုးကြပြီး တစ်ကြိမ်စိုက်ပျိုးထားပြီးပါက ပေါင်းမြက်များအား တစ်နှစ်လျှင် သုံးကြိမ်မျှ ရှင်းလင်းပေးခြင်းဖြင့် အပင်များတိုးပွားကာ အသီးအရွယ်အစားလည်း ကြီးလာပါကြောင်း၊ လေးနှစ်မှ ငါးနှစ်အထိ စီးပွားဖြစ် ရောင်းချ၍ ရနိုင်သည့် အရင်းအနှီးနည်းပါးသော ရာသီပေါ်သီးနှံပင်ဖြစ်ကြောင်း သိရသည်။


"ဒီခြံက ရာဘာ စစိုက်ထားတဲ့ခြံ၊ ခြံပိုင်ရှင်ဆီကို နာနတ်တောင်းစိုက်ထားတာပေါ့၊ ကျွန်တော်တို့က နာနတ်စိုက် ခြံရှင်း၊ ပေါင်းသင်၊ မြေဆီကျွေးတာကြောင့် ရာဘာခြံရှင်တွေအနေနဲ့လည်း ခြံထွင်လုပ်အားခ ကုန်ကျတာမရှိတော့ သူတို့လည်းအဆင်ပြေတယ် ကျွန်တော်တို့ကလည်း ရာဘာအစေး မခြစ်မီ ငါးနှစ်လောက်အထိ စိုက်ပျိုးရောင်းချ စားလို့ရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတယ်" ဟု ဝင်းပကျေးရွာမှ ဦးဖိုးဆိတ် က ပြောသည်။


သထုံမြို့နယ်အတွင်း ကျေးရွာ အများစု၌ နာနတ်ပင်များကို တနိုင်တပိုင် စိုက်ပျိုးထားကြပြီး စိုက်ပျိုးရလွယ်ကူသည်ဖြစ်ရာ ကိုယ်ပိုင် အိမ်ခြံဝန်းများ၌လည်း စိုက်ပျိုးထားကြလေ့ရှိကြောင်း သထုံဒေသထွက် နာနတ်သီးများသည် အရင့်မှန်၍ ပင်မှည့်အသီးများ၏ အရသာမှာ ချိုမြ ကောင်းမွန်ရာ လူကြိုက်များကြောင်း ဒေသတွင်း စားသုံးမှုများအပြင် ရန်ကုန်၊ ပဲခူး၊ ‌နေပြည်တော် စသည့် မြို့ကြီးများသို့လည်း တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)