MNP - ဧပြီ ၁၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ အာလံ ကျေးရွာအုပ်စု၊ အူဗျစ်ကျေးရွာသို့ ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ငွေများပေးအပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့သွားရောက် တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအား ကျေးရွာများသို့ ပြန်လည်နေထိုင်နိုင်ရေး စီစဉ် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့နေရပ်တွင် မိသားစုများအားလုံးကို အေးချမ်းလုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေး စီမံပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကလေးငယ်များ ပညာသင်ကြား ရေးအတွက် ကျောင်းဖွင့်ချိန်တွင် ကျောင်းအပ်နှံသွားနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတို့အတွက် မဖြစ်မနေ လုပ်ဆောင်သွားရေးတို့ကို အားပေးတိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေတို့က ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာမှ နေရပ်စွန့်ခွာ ခေတ္တတိမ်းရှောင်လာကြသည့် အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၀၃)ဦးတို့အား ဆန်အိတ် ၂၅ အိတ်၊ ခေါက်ဆွဲခြောက်ဖာ ၁၈ ဖာနှင့် ကလေးငယ်များအတွက် အသင့်စားမုန့်ထုပ်များ၊ သက်ကြီး ဘိုး/ဘွားများနှင့် ကလေးငယ်မိခင်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ကျေးရွာ တာဝန်ရှိသူများနှင့် အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်း ၂၀၂၂ ခုနှစ် မတ်လအတွင်းက နယ်မြေ လုံခြုံရေးအခြေအနေအရ ဆွတ်ပီယန်ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန် ကျေးရွာများနှင့် လုံရှာယန်ကျေးရွာ အုပ်စု၊ လုံရှာယန်ကျေးရွာတို့မှ မြစ်ကြီးနားမြို့နယ်သို့ ရောက်ရှိ တိမ်းရှောင်နေသော ဒေသခံအိမ်ထောင်စုများအား မတ်လ ၃၀ ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီ ၉ ရက်နေ့တွင် တစ်ကြိမ် မော်တော်ယာဉ်များ စီစဉ်ပေးခြင်းနှင့်အတူ ဆန်အိတ်များ၊ စားသောက်ဖွယ် ရာများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ကာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment