နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး








MNP ၊ ဧပြီ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံကော်ဖီအသင်း နာယကနှင့် Mandalay Coffee Group(MCG) ၏ Director ဖြစ်သူ ဦးရဲမြင့်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးမှု၊ သီးခြမ်း ကြိတ်ခွဲမှုမှ ကော်ဖီထုတ်လုပ်ပုံ အဆင့်ဆင့်၊ ပျိုးပင်များ ပျိုးထောင်ဆောင်ရွက်မှု၊ ကော်ဖီ အရသာနှင့် အရည်အသွေး ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်နေမှု၊ Grade အလိုက် ခွဲခြား၍ သိုလှောင်ထားပြီး ဝယ်ယူသူလက်ဝယ်သို့ ရောက်ရှိအောင် ဖြန့်ဝေ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ Video Clip များဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာ့ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးသည်။


မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို ကမ္ဘာသို့ ထိုးဖောက်နိုင်ရေး ဆွေးနွေးပြောကြား

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို တစ်ကမ္ဘာလုံးက လက်ခံကြိုက်နှစ်သက်ပြီး အားပေးရသည်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်္ကြန်မတိုင်မီ ကာလတွင် ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ၎င်းတို့ တင်ပြချက်များတွင် ပါဝင်သည့် ကော်ဖီ Association ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ တစ်နိုင်ငံလုံးရှိ ကော်ဖီစိုက်ပျိုးသည့် ဒေသအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကော်ဖီစိုက် လုပ်ငန်းရှင်များ ပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြစ်နိုင်သည်မှန်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်သည့် ကော်ဖီထုတ်ကုန် ဖြစ်စေရေးအတွက် ထုတ်လုပ်ပုံနှင့် ထုတ်ပိုးမှု စနစ်တကျရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုး မွေးမြူရေးသိပ္ပံ၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာကဲ့သို့သော သွင်းအားစုများကို မွေးမြူရေးမှ ရရှိလာသည့် စွန့်ပစ်ပစ္စည်းများ၊ သဘာဝမြေသြဇာများ၊ စိုက်ပျိုးရေး စွန့်ပစ်ကုန်များမှ ထုတ်လုပ်၍ အသုံးချနိုင်ရေး လုပ်ဆောင်နိုင်ရ မည်ဖြစ်ကြောင်း၊ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး တိုင်းပြည် အတွက်လည်း ဝင်ငွေတိုးပွားလာနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး အခြားသိရှိလိုသည် များနှင့် လိုအပ်သည်များကို မေးမြန်း ဆွေးနွေး ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဝင်များသည် ကော်ဖီဓာတ်ခွဲခန်းတွင်း ကော်ဖီအရည်အသွေးအနံ့ အရသာ စမ်းသပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် Mandalay Coffee Group (MCG) စက်ရုံအတွင်း လှည့်လည်၍ အရည်အသွေးခွဲခြားခြင်း၊ အခြောက် ကြိတ်ခွဲခြင်း၊ အဆင့်လိုက် သိုလှောင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုလေ့လာသည်။


ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ထို့နောက် ကော်ဖီနည်းပညာဖွံ့ ဖြိုးရေးခြံ(ပွေးတောင်)အား ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွန်းနှင့် တာဝန်ရှိသူများက ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) သမိုင်းကြောင်း၊ ပြင်ဦးလွင်ကော်ဖီ ဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ဥယျာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ကော်ဖီမျိုးများနှင့် အရည်အသွေး လက္ခဏာများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပူးပေါင်း၍ ကော်ဖီနည်းပညာပြန့်ပွားရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကော်ဖီမျိုး များကို စိုက်ပျိုးရာတွင် မျိုးအများအပြားဆောင်ရွက်မည့်အစား လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့် မျိုးများကို ရွေးချယ် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လေ့လာသူများကိုလည်း ကော်ဖီစိုက်ပျိုးရေးကို စိတ်ပါဝင်စားလာ စေရေး စနစ်တကျလမ်းညွှန် ရှင်းလင်းပြသရန်လိုကြောင်း၊ ပြင်ဦးလွင်ကော်ဖီဥယျာဉ် အနေဖြင့် ကော်ဖီစိုက် လုပ်ငန်းရှင်များကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အကြံဉာဏ်များကိုပေးနိုင်ရမည်ဖြစ်ပြီး မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ရာတွင် အထောက်အကူပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင် ကော်ဖီဥယျာဉ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)