MNP - ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုဇုံနယ်မြေအတွင်းရှိ Reva ဖိနပ်စက်ရုံတွင် ယနေ့ နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် Reva ဖိနပ်စက်ရုံမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားသည့် မီးသတ်ရေငုတ်များ၊ မီးလှန့်အချက်ပေးကိရိယာများ၊ မီးခိုးထောက်လှမ်းကိရိယာများ နှင့်လျှပ်စစ်ဝါယာကြိုးများ၊ မီးပလပ်ခုံများ ကောင်းမွန်ခြင်းရှိ/မရှိနှင့် မီးချိတ်၊ မီးကပ်များ၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ရေကန်တွင်ရေသိုလှောင်ထားရှိမှုများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးက Reva ဖိနပ်စက်ရုံမှ ဝန်ထမ်းများအား မီးလောင်မှု မဖြစ်ပွားရေရန်အတွက် မီးများသုံးစွဲရာတွင် စနစ်တကျ ကိုင်တွယ်အသုံးပြုစေရေးနှင့်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ မီးလောင်မှုဖြစ်ပွားခဲ့ပါက လျင်မြန်စွာသိရှိစေရန်နှင့် အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းကိရိယာများ အသုံးပြု၍ မီးငြှိမ်းသတ်နည်းများဖြင့် မီးလောင်မှုကြီးမားကျယ်ပြန့်မှု မရှိစေရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - တင်တင်ထွေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment